Sunday, December 1, 2019

မေ မြို့အမှတ်တရ

ဒီတခေါက် မေမြို့မှာ ၁၀ ရက် စခန်း ဝင်ဖြစ်တာ ကုသိုလ်ဖြစ်တာက တပိုင်း၊နောက်တပိုင်းကတော့ မေမေ့ကို အရမ်း သတိတရ ဖြစ်လာတာပါပဲ။ မေမြို့ရဲ့ နိုဝင်ဘာ အကုန်ရာသီ ဥတု က ၁၇လောက်ဖြစ်နေရတဲ့ ထဲ စခန်းနေရာက တောအုပ် ထဲမှာ ဆိုတော့ အေးလိုက်တာမှ အနွေးထည်, ခြေအိတ် မချွတ်ရဘူး။ ဒီလို ရာသီ ဥုတု မျိုး ကို မေမေနဲ့ အတူတူ ကျော်ဖြတ် ဖူးတယ်လေ။ အမျိူးသမီး ယောဂီ တွေဘက် လှမ်းကြည့်မိတော့လဲ မေမေ ဆောင်းတွင်းမှာ ဆောင်းတဲ့ သိုးမွေး ဥိးထုပ် မျိုးတွေ ၊ ဆွယ်တာ အထူကြီးတွေနဲ့ ၊ မျက်မှန် ပါတဲ့ ယောဂီ အန်တီ ကြီး တစ်ယောက်ယောက် များ မြင်လိုက်ရင် မေမေ နဲ့များ အတူတူ ဒီရိပ်သာ လာလိုက်မိရင် ဘယ်လောက်ကောင်းမလဲ တွေးမိသေးတယ်။

ဒါနဲ့ ပဲ ၁၀ ရက်ပြီးတာနဲ့ ပြီးတဲ့ရက် မနက်ကြရင် မေမေ နဲ့ အတူတူ နေခဲ့တဲ့ အိမ်ရှေ့ ပြန်သွားကြည့်မယ် မေမေ့ကို အမျှဝေမယ် ဆိုပြီး စီစဥ်ထားလိုက်တယ်။
တရားပတ် ပြီးပြီးချင်း မနက် ၇ နာရီလောက် ရောက်သွားတယ်။ဆေးရုံ ထဲ ဝင်ပြီးတော့လဲ မေမေ့ ရုံးခန်း နေရာ ပြန်သွားကြည့်တယ်။ ဆေးရုံကနေ လမ်းလျောက်လာပြီး မှ မေမေ့ အိမ်ထဲ ဝင်လာခဲ့တယ်။

မေမေ နဲ့ အတူတူ ဒီအိမ်ကြီး က အမှတ်တရ တွေ ချရေးရရင် မပါမဖြစ် ပါရမယ့် ဇတ်လိုက်ကျော် တွေက dimension data က ဆရာကြီး တွေဖြစ်တဲ့ ကျော်စိုး လှိုင် နေမျိုး၊ စင်ကာပူက သူဌေး စိုင်းဘိုဘိုလင်း၊ သူတို့ နဲ့စရမှာပဲ။ အဲဒီ အချိန် က ကိုယ်တို့ မန္တလေး မှာ မီး ပျက်ချက် က ကွန်ပြုတာ ဆိုတာ ဖွင့်လို့ရတယ့် အရာဆိုတာ တောင် မေ့တေ့တေ့ပဲ။ ဒီလို အခြေအနေ မှာ မေမေ့ရဲ့ ဒီအိမ်ကြီး မှာ မီး ၂၄ နာရီ လုံးလာတယ် သိလိုက်ရတော့ ကိုယ်ကိုယ်တိုင် ပါ ကွန်ပြူတာ ပုံးဆွဲပြီး ရောက်လာတော့တဲ့ အပြင် မေမေ့ကိုလဲ သူငယ်ချင်းတွေ ပါ ခေါ်လိုက် မယ် ဆိုပြီး ရောက်ချလာကြတော့တာပဲ။ အမြဲနေသူ တွေက နေမျိုးနဲ့ ဘိုဘ်ုလင်းပေါ့။ ကျော်စိုးလှိုင် နဲ့ ဇင်မင်းကတော့ လာလိုက် သွားလိုက်ပဲ။ မေမေ ကတော့ သူ့သား ဘာတွေ လုပ်နေတာလဲ အသေအချာ သိပုံ မရပေမယ့် သူ နဲ့ အတူတူလာနေ တာကိုပဲ အရမ်းကျေနပ် နေတယ်။ တစ်ရက် တစ်ရက် ဘာလုပ်ကြလဲဆို မနက် အိပ်ယာထ ၉ နာရီလောက် အိမ်ရှေ့က လဘက်ရည်ဆိုင် မှာ မနက်စာ ထွက်စား၊ ပြန်လာ စာမေးပွဲ ဖြေဖို့ စာတူတူဖတ်ကြ၊ ကွန်ပြူတာ ပေါ်ကနေ လုပ်လို့ရမယ့် lab တွေ လုပ်ကြ၊ နေ့လည် ကြတော့ နေမျိုးက သူ့ဦးလေးဆီ ထမင်းစားပြန်၊ ရှမ်းကြီးလဲ သူ့အိမ် ခဏ ပြန်။ နေ့လည် တခါ လဘက်ရည် ဆိုင်ထိုင်ကြ၊ ညနေ ပိုင်း ခြံထဲ မှာ တခါတလေ ဘောလုံးကစား၊ ညပိုင်း ကျ စုဝယ်ထားတဲ့ acceas kit နဲ့ အင်တာနက် သုံးကြ၊  တခါ လဘက်ရည် ဆိုင်ထိုင်၊ ပြီးရင် နေမျိူး ယူလာတဲ့ DVD 9 ခွေ ကို ရှမ်းကြီး ကွန်ပြူတာ မှာဆင်ထားတဲ့ 5.1 surround system နဲ့ movie ကို အခန်းမီး အမှောင်ချ ပြီး ကြည့်ကြတာပဲ။ အိပ်ချိန် ရောက်တော့ အခန်း ကျဥ်းလေးထဲ မှာ တန်းစီ ပြီး အိပ်၊ မအိပ်ခင်လေပေါ လိုက်ကြသေးတယ်။ ဒီလို ပုံစံ နဲ့ကို စုစုပေါင်း ၁ နှစ် ခွဲလောက်ကြာမယ်။ ကိုယ်တို့ အတွက် အခန်း မှာ ဘုရားစဥ် ရှိလို့ မေမေ တစ်ရက် တစ်ခါလောက် လာတယ က လွဲလို့ ကိုယ်တို့ရဲ့ private space လိုဖြစ်နေတာပဲ။ ဒါကြောင့်လဲ နေမျိုးက POL boot camp လ်ု့ စခေါ်ခဲ့တာပေါ့။ တခါ ကိုယ့် အမွှာ အကို ရော ရောက်နေချိန် ရှမ်းကြီး က ဒီနား က လူတွေ ကျွန်တော် တို့ကို ဘာတွေ လုပ်နေတယ် များ ထင်မလဲ မသိဘူးနော်၊ တစ်ရက် တစ်ရက် ထွက်လာလိုက်၊ ပြန်ဝင်သွားလိုက် နဲ့ဆိုတော့၊
အဲဒါကို ကိုရဲ က
" မင်းတို့ ကို ဖဲရိုက် နေတဲ့ ကောင်တွေ လို့ထင်မှာကွ၊ မင်းတို့ ကြည့်ရတာ ဖဲရိုက်ရတာ ညောင်းလို့၊ ထွက်လာကြ ပြန်ဝင်ရိုက်လိုက်ကြ လုပ်နေတာ လို့ ထင်ကြမှာပဲ" လို့ ပြောတယ်။

ကိုရဲ နဲ့ အတူတူ အခု ဆယ်လီ ဖြစ်နေတဲ့ အော်တေဇာ ဆိုတဲ့ ဘဲ ပါလာတဲ့ အချိန် များဆို ပါးစပ် ကို ပိတ်မရဘူး။ တခါ မေမေ က အောင်တေဇာကို “ ဟဲ့ အောင်တေဇာ ငါ့သားလေး ကိုရဲ လေး  ရည်းစား သနာများ ရှိနေပြီလား" လို့မေးတာကို ဖြေပုံက " အန်တီိရယ်၊ လောက မှာ ကိလေသာ အမှောင်ထက် မိုက်တဲ့ အမှောင် ရှိအုံးမလား၊ ကျွန်တော်တို့ ကိုရဲ တို့လို လူစား က ဒီ ကိလေသာ အမှောင်ထဲ ဆင်းမယ့် လူလား အန်တီရယ်" တဲ့ ဖြေပုံက။

ကျော်စိုးလှိုင် ဆို အောင်တေဇာ နဲ့ တွေ့ရင် ရီရလွန်းလို့ သူပြန်သွားလဲ သူ့အကြောင်း ပြောမပြီးဘူး။

တခါတလေ ပိုင်ကြီး ဆိုတဲ့ မောင်လဲ ပေါက်ချ လာတယ်။ သူက မေမြို့က ဆောက်လုပ်ရေး ကုမ္ပဏီ တစ်ခု မှာ အင်ဂျင်နီယာ ဖြစ်နေပြီ။ ကျောင်းတုန်းက သူနဲ့ တွဲပြီး ကိုယ်နဲ့ နေမျိုးက ဘီယာ သောက်ခဲ့သလောက် မေမြို့ မှာ သူခေါ်တိုင်း ကိုယ်တို့ က ြငင်းတော့ စိတ်မကောင်းဖြစ် သွားပုံပဲ။ ကိုယ့် အနေနဲ့ကြတော့ လိုသမျှ ပိုက်ဆံကို မေမေ့ဆီ တောင်းသုံးနေရတာ​ေရာ၊ စာလုပ်ဖို့ ဆိုပြီး မေမေ နဲ့ အတူတူ နေနေ တာရော ဆိုတော့ အဲလို သောကိတာစားတာ တွေ မလုပ်ချင်တော့ဘူး။ ဒါကို ပိုင်ကြီး က ငါနဲ့ ဒီကောငိ တွေ တော်တော် ကွာခြား သွားပြီပဲလို့ တွေးမိတယ် လို့ ပြောပြတယ်။ ဒီကောင် က အိမ်ရောက်လာရင် လိုင်းဖုန်း ကို သုံးပြီး သူ့ ကောင်မလေးဆီ နာရီဝက် တနာရီ ဖုန်းဆက် တော့တာပဲ။ အိမ်က လိုင်းဖုန်းက ကော့လဒ် လဲ ရှိတော့ အိမ်ရှေ့က လဘက်ရည်ဆိုင်ကနေလဲ ဆက်တယ်။ ဒီကောင် ဖုနဆက် တာ ပါးစပ်ပဲ လှုပ်ပြီး ဘေးက ကပ်ထိုင်နေတဲ့လူတောင် ဘာမှ မကြားအောင် ပြောတတ်တယ်။ ဒါနဲ့ ပိုင်ကြီးရာ မင်းပြောနေတာ ဟိုဘက်က ကြားရော ကြားရဲ့လားကွာဆိုတော့ သူ့ထုံးစံ အတိုင်း စပ်ဖြီးဖြီး နဲ့ တို့က နှလုံးသားချင်း ပြောတာလေကွာ၊ ကြားပါတယ် " တဲ့။
ဒီ အိမ်ကြီး ရဲ့ အမှတ်တရ တွေထဲ အဓိက ဇတ်လိုက် နောက်တစ်ယောက် ကတော့ တူမလေး ဖူးဖူးပေါ့။ အဲဒီ အချိန် သူ့အရွယ် က ၄ နှစ်ကျော် ၅ နှစ်လောက်၊ စကားတွေတတ် ပြီး အရမ်းချစ်စရာ ကောင်းတဲ့ အချိန်ပေါ့။ တစ်ညနေ မေမေက သူ့မြေးလေး ကို လက်ဆွဲ ပြီး အိမ်ရှေ့လမ်းလျောက် ထွက်သွားတယ်။ မေမေက ဆွယ်တာ အဖြုရောင် ၊ ဖူးဖူးက သားမွှေး အနွေးထည် အဖြူရောင်လေးနဲ့။ အိမ်ပေါက်ဝ မှာ ဘယ်ကနေ ဖမ်းလာမှန်း မသိတဲ့ ဝက်ဝံ ပေါက်လေး တစ်ကောင် ရောက်နေတယ်။ အဲဒါကို ဖူးဖူး လေး က လှည့်ကြည့် လှည့်ကြည့် နဲ့ မေမေ နဲ့ အတူတူ လမ်းလျောက် သွားတဲ့ မြင်ကွင်းကို ကိုယ်က အိမ် အပေါ်ထပ် ပြတင်းပေါက် ကနေ ကြည့်နေမိလို့ မြင်နေတာကို ခုထိ မှတ်မိနေတယ်။ အဲဒီ တုန်းက ကိုယ်တို့ဆီ မှာ နေမျိုး အင်းဝ ကနေ ရှာရှာဖွေဖွေ ဝယ်လာတဲ့ ၁ သောင်းခွဲ တန် digital camera လေး လက် တဝါးစာလေး ရှိတယ်။  အဲဒါလေးနဲ့ပဲ ဖူးဖူးကို ဓာတ်ပုံတွေ ရိုက် သီချင်း ထည့် ပြီး video လုပ်ပေးတယ်။ တစ်ရက် က အိမ် ကို ရှမ်းကြီးရဲ့ အမေ နဲ့ သူ့ညီမလေး ရောက်လာပြီး လာတွေ့တယ်။ သူတို့ပြန် သွားတော့ ဖူးဖူးက ဖွားဖွားစော အဲဒါ ဦးဘိုလင်း အမေ နဲ့ ညီမ လို့ တန်းပြောတယ်။  အဲဒါနဲ့ ကိုယ်လဲ မေမေ့ကိုစချငိတာနဲ့ "တွေ့လား မေမေ ဖူးဖူး ဘယ်လောက် ပါးလဲ ၊ ကြည့်တာနဲ့ ဘယ်သူ ဆိုတာ တန်း သိတယ်၊ မေမေ့ သမီး ဆိုရင် ဒါမျိုး တန်းသိ မှာ မဟုတ်ဘူးလို့" ပြောမိတယ်။ ကိုယ်တို့ ညီအစ်ကို တွေ မေမေ့ကို စချင်ရင် မမမြိုင် နဲ့ ပတ်သတ်ပြီး စကြတာပဲ။ တခါတလေ တော့လဲ မေမေ က " အေး ၊ ဟုတ်တော့ဟူတ်တယ်ဟဲ့ လို့ ပြောတတ်သလို တခါတလေ တော့လဲ နင်တို့ ငါ့သမီးလေး ကို များ ပြောနေဆိုနေတာတွေ ဆိုပြိး မာန်တတ်တယ်။

မေမေ ဒီအိမ် မှာ နေတုန်းသန်လျင် က သူ့အမ ကြီးကြီး ပု တခါ လာလည်သေးတယ်။ မေမေ ကတော့ သူ့အမ ရောက်လာလို့ အရမ်း စိတ်ချမ်းသာနေတာပါပဲ။ ကြီးကြီးပုရောက်တဲ့အချိန် က ကိုယ်အပြင်းအထန် ဝိတ်ချနေတာနဲ့ သူချက် ကျွေးတာတွေ မစားလို့ စိတ်မကောင်းဖြစ်ရသေးတယ်။

အဲဒီတုန်းက မမမြိုင် က ဂျပန်ရောက်နေပြီ။ သူ့ဆီက ပို့တဲ့ email တွေကို ဘယ်လို စစ်ရသလဲဆိုတော့ acceas kit နဲ့ dialup connection ချိတ်၊ အဝင်ကို စစ်ချင်ရင် Gmail lite လေးနဲ့ စစ်၊ ပို့ချင်ရင်တော့ Thunder bird client နဲ့ ပို့ရတယ်။ မမမြိုင် ဆီကလာတဲ့ email တွေကို printer နဲ့ ထုတ်ပြီး မေမေ့ရော  ကြီးကြီးပုကိုရော သွားပြတော့ ကြီးကြီးပု ခင်မျာ အရမ်း အံ့သြနေတော့တာပဲ။ ဟိုနိုင်ငံ က ရိုက်လိုက်တဲ့ စာတွေ ဘယ်လ်ုများ ဒီစက်လေးထဲက ထွက်လာပါလိမ့် တဲ့။

အဲလိုနဲ့ မေမေ့ဆီ နေရင်းကနေ ကိုယ်တို့ တွေ ရန်ကုန် ကို အခေါက်ခေါက် အခါခါ ဆင်းပြီး စာမေးပွဲတွေ ဖြေကြတယ်။ နောက်ဆုံး စင်ကာပူကို ထွက်ကြမယ်လုပ်တော့ အဆက်အသွယ်ဆိုလို့ အရင် ရောက်နေတဲ့ ကိုထင်ကြီး ပဲရှိတယ်။  ကိုယ်တို့ အားလုံးလဲ မဖြစ်ဖြစ် အောင် ထွက် အလုပ်ရှာကြ ရမှာပဲ ဆိုပြီး ထွက်ဖို့ ပြင်ဆင်ကြတော့တာပေါ့။ အဲဒီအချိန် က လေယဥ် လက်မှတ်၊ ယူသွားဖို့ ဒေါ်လာ ၂ ထောင်၊ အဲဒါတွေကို မေမေ ဘာမှ ကြီးကြီး ကျယ်ကျယ် မေး မနေဘဲ တန်းထုတ်ပေးတယ်။ တကယ် က အဲဒီအချိန် က ဆိုရင် ငွေကြေး တန်ဖိူးအရ များသလို ကိုယ်တို့ အိမ်အနေနဲ့ဆိုလဲ huge spending ပဲ။
ခုမှ ပြန်စဥ်းစားတော့ မေမေ ကိုယ့်အပေါ် တော်တော် ယုံကြည်ပေးခဲ့တာပဲ၊ ဘာမှ မသေချာ တဲ့ အခြေအနေ တစ်ခု မှာ သား အပေါ် confidence အပြည့်ထားပေးခဲ့တာ။ မေမေ့ မေတ္တာ တွေ ပါမှာပေါ့။ မကြာပါဘူး သွားသမျှ လူအားလုံး အလုပ်တွေရ အဆင်ပြေ ကြတယ်။

မေမေ့ ဆေးရုံ အုပ်ကြီး အလုပ် က အဲဒီမှာတုန်းက အလုပ်တော်တော် တော့ များတယ်။ မေမြို့ဆိုတာ DSA ကျောင်းဆင်းပွဲ ကာလ ဆိုရင် လူကြီး တွေ အကုန်ရောက်လာတာကိုး။ သူတို့လဲ မေမြို့ရောက် မှ ဆေးရုံ လာပြီး သူတို့ ကျန်းမာရေး လိုအပ်တာလေး တွေ လုပ်ကြတယ်။ အဲဒီတုန်းက သမ္မတကြီး ဦးသိန်းစိန် ဆို မေမေတို့ ဆေးရုံ မှာပဲ သူ့သွားနဲ့ ပတ်သတ်တာတွေ လုပ်တယ်။ ကျန်းမာရေး ဝန်ကြီး ဒေါက်တာ ကျော်မြင့်ဆိုလဲ ခရီးစဥ် မှာ ပါလာရင်ဆေးရုံ မှာပဲ တချိန်လုံး လာပြီး ဆရာဝန်တွေ နဲ့ စကားစမည် လာပြောတယ်။ မေမေ နဲ့ ဒေါက်တာ ကျော်မြင့် ဆက်ဆံရေး က ဝန်ကြီး နဲ့ လက်အောက် ဝန်ထမ်း ပုံစံ မပေါက်ဘဲ ဆရာတပည့် ပုံစံမျိုး ပိုပေါက်တယ်။ ဝန်ကြီးက မေမေ့ကို ၆၀ မှာ ယူရမယ့် သက်ပြည့် ပင်စင် ကို မယူချင်လို့ ထပ်တိုးချင်ရင် တိုးပေးမယ့် သဘောရှိတယ်။ တခါက မေမေ့ကို မေးတယ်တဲ့  " ဒေါ်ခင်စောဝင်း ခင်များ ပင်စင် နီးနေပြီ၊ ပစ်စင်ယူပြီး အဆင်ပြေပြေ နေဖို့ စုမိ ဆောင်းမိ ရှိရဲ့လားဗျ " လို့မေးတယ်တဲ့။ မေမေ သာ ကျွန်မ နောက် ၂ နှစ် ၃ နှစ် လောက် ဆက်လုပ်ချင်သေးတယ် ပြောရင် တိုးပေးမယ့် သဘော ရှိတယ်။ ဒါပေမယ့် မေမေ က " ဆရာရယ် ၊ စုမိဆောင်းမိ ရှိတယ် ရယ်လို့တော့ မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်မ ကတော့ ဘယ်သူ့ကိုမှ ကြောက်နေစရာ မလိုတဲ့ ဘဝ မျိုးလေးမှ နေချင် ပြီ" လို့ ပြန်ပြောလိုက်တယ်။ ဝန်ကြီး က " အေးဗျာ ခင်များ အတော် သတ္တိ ရှိတာပဲ " လို့ ပြန်ပြောသတဲ့။ မေမေ တို့ ဆေးရုံကို ဗိုလ်ချုပ် မှုးကြီး လဲ လာဖူးတယ်။ မေမေ တို့အားလုံးရှေ့မှာပဲ တိုင်းမှုးကို " ဟေ့ကောင် ရဲမြင့် မင်း ဆရာဝန်မကြီး လိုအပ်တာ အကုန်လုပ်ပေးလိုက်လို့ မှာသွားသတဲ့"။ အဲဒီ အချိန် တုန်းက အခု ကာချုပ် က DSA ကျောင်းအုပ်ကြီး၊ ဌာန ဆိုင်ရာ အစည်းအဝေး တွေဆို မေမေ နဲ့ ပုံမှန် တွေ့နေကြပဲ။ မေမေ က သူ့ ဝန်ထမ်း ဘဝ တစ်လျောက် လုံးမှာ ဘယ်လူကြီး ကို မှာ ကပ်ဖားပြီး အခွင့်အရေး ယူတာမျိုး မလုပ်ခဲ့ဖူးဘူး။ မေမြို့ မှာ တာဝန်ကျတော့လဲ တချို့တွေက မေမေ့ကို မြေကွက် တွေ ဘာတွေ ရကြမယ် ထင်တယ်။ မေမေ က တောင်းလဲ မတောင်းဖူးဘူး။ မေမေ နဲ့ ဖေဖေ ဘဝ တစ်လျောက်လုံး ရှာခဲ့တဲ့ ပိုက်ဆံ တွေထဲ မှာ မတရား ဝင်ငွေ ဆိုလို့ လုံးဝ မရှိခဲ့ဖူးဘူး။ လူနာ တွေကို ဆေးကု လို့ရတာရယ်၊ လူနာ တွေက စေတနာ နဲ့ကန်တော့ တဲ့ ဝင်ငွေ နဲ့ပဲ ကိုယ်တို့ အားလုံးကို ပြုစု ပျိုးထောင် ခဲ့တာ။ 




ဒီနေ့ မေမေ့အိမ် ရှေ့က လဘက်ရည်ဆိုင် မှာ မနက်စာစားရင်းရေးဖြစ်တဲ့ အမှတ်တရ စာစု။

No comments: