Wednesday, January 8, 2020

Fear Mongering Technique

fear-mongering Technique

မနေ့ည က Trump ရဲ့ အီရန် အရေး ကို ပြောတဲ့ မိန့်ခွန်း မှာ
စကားပြော စင်မြင့် ပေါ် ရောက်လာလာချင်း မင်္ဂလာပါ လို့ ထုံးစံ အတိုင်း မနှုတ်ဆက်ဘဲ
" ကျွန်တော် အမေရိကန် သမ္မတ ဖြစ်နေသမျှ အီရန် က နယူကလီးယား လက်နက် မသုံး စေရဘူး" ဆိုတဲ့ စကား နဲ့ မိန့်ခွန်း ကို စတင်ခဲ့ပါတယ်။

Fear-Mongering ကို မြန်မာ ဘာသာ ပြန်ကတော့ ကြောက်လန့် အောင် ခြောက်လှန့်ခြင်း နည်းလမ်း လို့ ဘာသာပြန်လို့ ရပါတယ်။ နိုင်ငံ တိုင်းရဲ့ ရွေးကောက်ပွဲ တွေ မှာ ဒီ နည်းလမ်း ကို အနည်းနဲ့ အများဆို သလို အသုံးပြုကြပြီး ပြည်သူ လူထုကို ကိုယ်လိုချင် တဲ့ ရလဒ် ထွက်ပေါ် အောင် သိမ်းသွင်း ကြတာ အာဏာရှင် နိုင်ငံ တိုင်းလိုလို လုပ်လေ့လုပ်ထ ရှိတာပါ။

Dictator ဆိုတဲ့ ဟောလီးဝုဒ် ဟာသ ကားကို ကြည့်ဖူး ကြမယ် ဆိုရင် မဲပေး နေတဲ့ လူတန်း ကြီးကို တင့်ကား က အမြောက် နဲ့ ချိန်ပြီး အာဏာရှင် မဲပေးစေချင် တဲ့ ဘက်ကို ပေးခိုင်းခဲ့တာ ကို မှတ်မိကြမယ် ထင်ပါတယ်။

ဒီ ဇတ်ကား က ဟာသ အနေနဲ့ အာဏာ ရှင် တွေရဲ့ စရိုက် ကို ပြသ ခဲ့တာ ဖြစ်ပေမယ့် လက်တွေ့ လောက မှာလဲ လူထုကို ကြောက်အောင် ခြောက်လှန့် တဲ့ နည်းတွေ နဲ့ အာဏာကို ဆုပ်ကိုင် ရယူတာ အလုပ်ဖြစ်နေတုန်းပါပဲ။

ဒီလို မဲပေးသူ ကို မဲမပေးဖြစ်အောင် ခြောက်လှန့်တာ၊ ခြိမ်းခြောက် မဲပေးတာ တွေကို ရွေးကောက် ပွဲ ဥပဒေ တွေ အရ တားမြစ်ထားတဲ့ အတွက် ဒီလူ့ကို မဲပေးရင် မင်းတော့ သေဖို့ ပြင်ထားဆို တာမျိုး တိုက်ရိုက် ပြောတာမျိုး ၊ သေနတ် နဲ့ ချိန်ပြီး မဲအတင်းအကြပ် ပေးခိုင်းတာမျိုး မရှိသလောက် ရှားသွားပါပြီ။ ဒါတောင် တချို့ နိုင်ငံ တွေ မှာ ရှိနေတုန်းပါ။

လက်ရှိ ဒစ်ဂျစ်တယ် ခေတ်မှာတော့ ဒီဂျစ်တယ် နည်းလမ်း တွေနဲ့ပဲ လူတွေကို ခြောက်လှန့် ကြပါတော့တယ်။ လူထု ဆက်သ်ရေး အတွက် အဓိက လက်နက် ဖြစ်လာတဲ့ လူမှု ကွန်ယက် တွေက လူတွေရဲ့ အတွေး အမြင် ပြောင်းလဲ အောင် လုပ်ဖို့ အကောင်း ဆုံး နေရာ ဖြစ်နေပါပြီ။

တချို့က ပြောနိုင်ပါတယ်။ ဒီ လို facebook က နေ တဆင့် ပြောကြတာ ကို စာမတတ် ပေမတတ် ဦးနှောက် မရှိသူ တွေပဲ ယုံကြတာပါ ကွာ လို့ ပြောနိုင်ပါတယ်။ မြန်မာ နိုင်ငံ ထက် အဆ ပေါင်းများစွာ စာတတ်နှုန်း မြှင့်၊ စဥ်းစားဆင်ခြင် နိုင်သူ တွေ ပေါတဲ့ အမေရိကန် နိုင်ငံ မှာတောင် ဒီ နည်းလမ်း တွေ သုံးပြီး Trump တို့ လူစု အာဏာ ယူနိုင် ခဲ့တာပါ။ Trump ရဲ့  ရွေးကောက် ပွဲ ကမ်ပိန်း ကို ခြုံကြည့်ရင် သူ့ကို ထောက်ခံသူ များလာအောင် တင်မကဘဲ၊ ပြိုင်ဘက် ဟီလာရီ ကို ထောက်ခံသူ တွေ လျော့သွားအောင်၊ဒီမိုကရက် ထောက်ခံသူ တွေ မဲ မပေးဖြစ်အောင် နည်းလမ်း မျိုးစုံ သုံးပြီး လုပ်ဆောင် ခဲ့တာပါ။ နာမည်ကြီး Cambridge Analytica က နောက်ကွယ် ကနေ ပြီး data တွေကို နည်းမျိုးစုံ နဲ့ စုဆောင်းတယ်၊ data တွေကို ခွဲခြမ်း စိတ်ဖြာ ပြီး စိတ်ပိုင်းဆိုင်ရာ အခြေအနေ တွေအရ အုပ်စု ခွဲတယ်၊ ခွဲထားတဲ့ အုပ်စု တွေကိို သူတို့  စိတ်ဝင်စားတဲ့ အလုပ်အကိုင်၊ အခွန်အခ၊ ကျန်းမာရေး၊ လုံခြုံရေး ၊ ပညာရေး အစ ရှိတဲ့ ခေါင်းစဥ် တွေ အ ပေါ်  မှာ မဲဆွယ်မူ ကြော်ငြာ သီးသန့် ဖန်တီး ပြီး  facebook, Twitter, Snapchat, လူမှုကွန်ယက် တွေကရော၊ သတင်းဌာန website တွေမှာပါ အခပေး ကြော်ငြာ ထည့်သွင်းပြီးတော့ရော နည်းမျိုးစုံ နဲ့ ပေးပို့ခဲ့တာပါ။

တဖက် မှာလဲ ဟီလာရီ ထောက် ခံသူ တွေကို မဲထွက်မပေး ဖြစ်အောင် ဟီလာရီိကို အပုပ်ချ တဲ့ အချက်အလက် တွေ စုဆောင်းပြီး မဲဆွယ် ကြော်ငြာ တွေ ဖန်တီးပါတယ်။ " ဟီလာရီကို ရွေးရင် အမေရိကား ပျက်စီးမယ်" ဆိုတာမျိုး ခေါင်းစဥ် ပေါ်ပေါ်ထင်ထင် တပ်ပြီး လူတွေရဲ့ သဘောထားကို ပြောင်းလဲ ပစ်ခဲ့တာပါ။  ဒီလို ပြောရုံ နဲ့ လူတွေက ယုံရောလား လို့ မေးစရာ ရှိပါတယ်။ အဖြေ က ယုံမယ့် လူတွေ ကို ရွေးပြီး ပို့ခဲ့တာပါ။ သူတို့ မှာ အမေရိကန် နိုင်ငံသား သန်း ၃၀ ရဲ့ တစ်ဦးချင်း အချက်အလက် ၅၀၀ ကျော်ရှိပါတယ်။ ကိုယ်နဲ့ ပတ်သတ် တဲ့ ကိုယ့်အကြောင်းကို ဒီ အတိုင်းပဲ ပြန်စဥ်းစား ကြည့်ပါ။ အချက်အလက် ၁၀၀ ကျော်အောင် မစဥ်းစား နိုင်ပါဘူး။ သူတို့ မှာ တစ်ဦးချင်းရဲ့ အချက်အလက် ၅၀၀ ကျော်ရှိပါတယ်။ သုတေသန ပညာရှင် တစ်ယောက် က ပြောတာဆို လူတစ်ယောက် ဘယ်လ်ု လူလဲ ဆိုတာ ခန့်မှန်း နိုင်ဖို့ Facebook like 100 လောက်ရှိရင် ရပါပြီလို့ ပြောပါတယ်။

Data modeling, data analytics နည်းပညာ တွေ နဲ့ ဘယ်သူ ကို ဘာ သတင်းပို့ရင် ဘယ်လို ပြောင်းလဲမယ် ဆိုတာ အထိ တွက်ချက် ခန့်မှန်း နိုင်ခဲ့ကြတာပါ။

ဒီနည်းလမ်း တွေထဲ မှာ ရက်စက် အယုတ်မာ ဆုံး နည်းလမ်းကတော့ လူတွေကို အကြောက်တရား နဲ့ ခြောကအလှန့် ပြောဆိုတဲ့ နည်းလမ်းပါ။ ပညာရှင် တစ်ယောက် ကဆို " ခင်များ မှာ စိတ်ပိုင်းဆိုင်ရာ မတည်ငြိမ် တဲ့ လူအုပ်စာ သာ ရှိအောင်လုပ်၊ ခင်များ လိုသလို ကြိုးကိုင်လို့ရပြီ" လို့ ပြောခဲ့ပါတယ်။

အသေးစိတ် နည်းလမ်း တွေကို ကျွန်တော် မကြာခင် ဘာသာပြန် ပြီးစီး တော့မယ့် စာအုပ် မှာ ဖော်ပြ ထားပါတယ်။

ဒါဆိုရင် မိုးကုတ် ဆရာတော်ကြီး စကား အတိုင်းဆို သဘောပါ လောက်ပါပြီ။ ပထမ လူတွေကို စိတ် မလုံခြုံဖြစ်အောင်  အခြေအနေ တွေကို အရင် ဖန်တီးမယ်။  ပြီးတာနဲ့ ကိုယ်လိုချင် တဲ့ ရလဒ် ရအောင် ခြောက်လှန့်ပြောဆိုမယ်။  ဒီလို ပြုလုပ် သူတွေ မှာ ကိုယ်ကျင့်တရား၊ သိက္ခာ ဆိုတာ တပြားသား မှ မရှိပါဘူး။ ကိုယ့်အာဏာ အတွက် နိုင်ငံ နဲ့ နိုင်ငံသားတွေကို စတေး ပစ်မယ့် သူတွေပါ။

မနေ့ က Trump ရဲ့ မိတ်ဆက်စကား က ဘာကို ဆိုလိုချင်တာလဲ ဆိုရင် အခု ငါ့ကို impeachment ၊ စွပ်စွဲ ပြစ်တင်တာ အောင်မြင်လို့ သမ္မတ ရာထူးက ပြုတ်သွားရင် အမေရိကန် တော့ နာပြီသာ မှတ်၊ ၂၀၂၀ မှာလဲ ငါသာ သမ္မတ မဖြစ်ခဲ့ရင် မင်းတို့ တွေ သေပြီသာ မှတ်လို့ တည့်တည့် မပြောရုံ ပါပဲ။

သူတို့ လူစု က data driven decision ခေါ်တဲ့ အဆင့်မြင့် နည်းပညာ နဲ့ လိုချင် တဲ့ ရလဒ် ထွင်အောင် ၂၀၁၆ တုန်းကလဲ လုပ်နိုင်ခဲ့တာကိုး။

ကျွန်တော် တို့ နိုင်ငံမှာ ကတော့ ဒီလို နိုင်ငံကို စတေး ခြောက်လုံး တွေ နဲ့ အာဏာ ကို အကြာကြီး ရယူ ခဲ့တဲ့ အုပ်စု က ၂၀၁၅ တုန်းက တခါ လုပ်ခဲ့ပြီးပါပြီ။ data driven မဖြစ်ခဲ့တာ ကျွန်တော် တို့ တတွေ ကံကောင်း ခဲ့တယ် ပြောရမှာပါ။ " ကုလား နိုင်ငံ ဖြစ်တော့မှာပဲ" " ဘာသာ ပျောက် တော့မှာပဲ" " ကုလား တွေ ကြီးစိုးတော့မှာပဲ" အစ ရှိတဲ့ ​ြေခာက်လုံးတွေကို ၂၀၁၅ ကာလ ရော၊ နောက်ပိုင်း ကာလ တွေ မှာ မိမိ တတ်နိုင်သလောက် အင်အား နဲ့ တွန်းလှန် ခဲ့ကြသူ တစ်ဦးချင်း ကိုရော၊ အဖွဲ့ အစည်းတွေကိုရော ကို ဒီနေရာ ကနေ နှစ်နှစ်ကာကာ ဂုဏ်ပြု ချီးမွန်းချင်ပါတယ်။

လာမယ့် ၂၀၂၀  အတွက် လဲ တိုင်းပြည် ကို ဘယ်လို စတေးပြီး ဘယ်လို ​ြေခာက်လုံး၊ လှန့်လုံး၊ မှိုင်းလုံး တွေ နဲ့ လုပ်ကြ အုံးမလဲ ဆိုတာ သတိ ကြီးကြီး ထားကြ စေလိုပါတယ်။

ခေတ်သစ် ဒီဂျစ်တယ် နည်းလမ်း သုံး ကိုယ်ကျင့်တရား မရှိသူ အပေါင်း ကျဆုံး ပါစေ။