Sunday, August 3, 2008

My Hands



နိဒါန်း

အခုကျွန်မရေးချင်တဲ့ အကြောင်းအရာ ကတော့ ကျွန်မမေမေရဲ့ ကျွန်မရဲ့လက်များ အကြောင်းပဲ ဖြစ်ပါတယ်။ မေမေဟာ ကျွန်မနိုင်ငံခြားကို ပညာသင် ထွက်လာရတဲ့အချိန်ကစပြီး သူ့အလုပ်ခွင်ထဲက အကြောင်းတွေ၊ သူသွားခဲ့တဲ့ နေရာတွေ ၊ သူငယ်ငယ်ကအကြောင်း၊ သူ့စိတ်ခံစားချက်တွေ စသဖြင့် စာနဲ့ရေးပြီးအမြဲပို့ပေးလေ့ရှိပါတယ်။ အိမ်နဲ့ဝေးနေတဲ့ ကျွန်မအတွက် မေမေ့ရဲ့စာလေးတွေဟာ အလွမ်းပြေစေရုံသာမက အားဆေးတစ်ခွက်ပါ ဖြစ်စေခဲ့ပါတယ်။ ကျွန်မဆီပေးပို့ခဲ့တဲ့ မေမေ့ရဲ့စာတွေနဲ့ ကျွန်မရဲ့ခံစားချက်တွေအကြောင်းကို နောက်ပိုင်းမှာ အချိန်ရရင် ရေးပါအုန်းမယ်။ မေမေဟာ စာရေးဝါသနာပါသလို စာရေးကောင်းသူတစ်ယောက်လဲ ဖြစ်ပါတယ်။ ကျွန်မရဲ့လက်များ ဟာ မေမေ့ရဲ့ စာတွေထဲက ကျွန်မအကြိုက်ဆုံးစာတစ်စောင်ဖြစ်ပါတယ်။ ဒီစာဟာ မေမေ့ရဲ့ဘ၀တစေ့တစောင်းကို ဖော်ပြနေသလို လူသားတစ်ဦးရဲ့ ဘ၀ဖြစ်စဉ်တစ်ခုအပြင် မိခင်မေတ္တာကိုပါ ဖော်ပြနေတယ်လို့ ခံစားမိပါတယ်။ ဒီစာက မေမေပင်စင်ယူပြီးနောက်ပိုင်း ရေးခဲ့တဲ့စာတွေထဲက တစ်စောင်ပါပဲ။ မေမေ့ရဲ့နဂိုမူရင်းစာကို အနည်းငယ် ပြုပြင်ပြီး ဖော်ပြပေးလိုက်ပါတယ်။

ကျွန်မရဲ့လက်များ

နေ့စဉ်ဆိုသလို ကြက်သွန်ဖြူ ၊ ကြက်သွန်နီ နွှာနေတဲ့ကျွန်မရဲ့လက်တွေက စာရေးဖို့ အကျင့်မရဘူး ဖြစ်နေတယ်။ ပန်းကန်ဆေးလိုက်၊ တံမျက်စည်းကိုင်လိုက်လုပ်နေတဲ့ ကျွန်မရဲ့လက်တွေ အကြောင်း စဉ်းစားနေမိတယ်။ မိခင်ရင်ခွင်မှာ နေခဲ့ရတဲ့ ဘ၀တုံးကတော့ ကျွန်မရဲ့လက်ကလေးတွေက မိခင်ရဲ့နို့ချိုချိုကို ကိုင်စို့ဖို့လောက်ပဲ အသုံးဝင်ခဲ့မှာပါ။ နဲနဲကြီးလားလို့ အိုးပုတ်လေးတွေကိုင်ပြီး ကစားတတ်လာတော့ အဲဒီလို ထမင်းဟင်းချက်တမ်းကစားရတာကို ခုံမင်ခဲ့မိတယ်။ ကျွန်မမှတ်မိတာကတော့ အစ်မက ကျွန်မနဲ့အတူ အဖော်လုပ်ပြီး ကစားလေ့ရှိတယ်။ အသက် ၅ နှစ်မပြည့်ခင် အရွယ်လောက်ကပေါ့။ အစ်မကထမင်းရည်တွေကို နွားနို့ဆိုပြီးကစားတာ မှတ်မိသေးတယ်။ ကျောင်းနေတဲ့အရွယ်ရောက်ပြန်တော့ ကျွန်မတို့ခေတ်က ကျောက်တံ လေးတွေကိုင်ခဲ့ရတာပေါ့။ ကျောက်သင်ပုန်းပေါ်မှာ ကိုယ့်လက်လေးနဲ့ ရေးလိုက်လို့ ထင်ထင်ရှားရှားဖြစ်လာ တာလေးတွေကို သဘောကျနေခဲ့တယ်။ ကျွန်မငယ်ငယ်တုံးက စိတ်ကူးယဉ်တတ်တယ်။ အဖော်လဲမရှိခဲ့ဘူး။ ကျွန်မတို့တောင်ကြီးမှာနေခဲ့တုံးကပေါ့၊ အိမ်ကနေ အနောက်ဘက်ကိုသွားလိုက်ရင် တောင်ပူစာလေးရှိတယ်။ ညနေကျောင်းဆင်းရင် အဲဒီနေရာကိုသွားပြီး တောပန်းလေးတွေခူး၊ ပန်းမွေ့ရာလုပ်တာမှတ်မိနေသေးတယ်။ ကျွန်မကအိမ်မှာ အငယ်ဆုံးဖြစ်လို့ အရေးပေးခံရတာများတယ်။ ကျွန်မရဲ့လက်တွေက ထမင်းစားပြီးပန်းကန် တောင် မဆေးခဲ့ရဘူး။ အဲဒီကာလတွေတုံးကတော့ ကျွန်မရဲ့လက်တွေက ဖောင်တိန်၊ ခဲတံတွေနဲ့ပဲထိတွေ့နေ ခဲ့ရတာပေါ့။ ဖောင်တိန်ဆိုလို့သတိရပါသေးတယ်။ ကျွန်မတို့ခေတ်က ဖောင်တိန်ကိုင်ရတဲ့ ခေတ်ဆိုတော့ ကျောင်းပိတ်ရက်အားရင် ဖောင်တိန်ကိုဆေးရတယ်၊ မင်ထည့်ရတယ်။ ဖောင်တိန်ဆိုလို့ထပ်ပြောရအုန်းမယ်။ ကျွန်မဘ၀မှာ မှတ်မှတ်ရရဖောင်တိန် ၂ချောင်းရှိခဲ့ဘူးတယ်။ တစ်ချောင်းက ကျွန်မ ၆တန်းအောင်တုံးက တတိယဆုရခဲ့တာပါ။ ဖောင်တိန်မှာ Third Prize လို့ရေးထွင်းထားတယ်။ နောက်တစ်ချောင်းက ကျွန်မ အလုပ်သင်ဆရာဝန်ဘ၀တုံးက ကျွန်မရဲ့ချစ်သူက ကျွန်မနာမည် ရေးထွင်းပြီးပေးခဲ့တာပါ။ အဲဒီခေတ်က Parber ဖောင်တိန်ဆိုတာ အကောင်းဆုံးပေါ့။ လူကြိုက်လဲများတယ်။ Youth ဆိုတဲ့ ဖောင်တိန်လေးတွေကလဲ ရောင်စုံ လေးတွေနဲ့ လူကြိုက်များတယ်။

ဒီလိုနဲ့ MC ရောက်တော့ ကျွန်မရဲ့လက်တွေက ဖားခွဲရတယ်။ ၀က်သေးသေးလေးတွေ ခွဲရတယ်။ လက်တွေ့ခန်းတွေဝင်ရတယ်။ အတန်းကြီးလာတော့ လူနာတွေစမ်းသပ်ရတယ်။ စာအုပ်အကြီးကြီးတွေ ပွေ့ပိုက်ပြီးကျောင်းသွားရတယ်။ House Surgeon ဖြစ်လာတော့ ကျွန်မရဲ့လက်တွေကို ယုယကြင်နာစွာနဲ့ တွဲခေါ်လာတဲ့ လက်တစ်စုံ ရှိခဲ့တယ်။ အဲဒီအချိန်ကစပြီးတွဲလာခဲ့တဲ့ လက်တစ်စုံနဲ့ အတူ ချမ်းသာခြင်း၊ ဆင်းရဲခြင်း၊ ပျော်ရွှင်ခြင်း၊ ၀မ်းနည်းခြင်း တွေကို ရင်ဆိုင်ခဲ့ကြတယ်။ အဲဒီလိုနဲ့ ကျွန်မသမီးဦးလေး မွေးခဲ့တဲ့ အချိန်မှာတော့ ကျွန်မရဲ့
ချစ်ခြင်းမေတ္တာဓာတ်တွေနဲ့ ကြင်နာယုယမှုတွေနဲ့ ကျွန်မရဲ့လက်တွေမှာစုစည်းခဲ့ တယ်။ သမီးလေး ၁ နှစ်နီပါးရှိချိန်မှာတော့ ကျွန်မရဲ့ဖေဖေဟာ မကျန်းမမာ ဖြစ်ခဲ့တယ်။ ကျွန်မရဲ့ စိတ်ထဲမှာ ဖေဖေဟာကျွန်မတို့နဲ့ သိပ်ကြာကြာမနေရတော့ဘူးဆိုတာ သိနေခဲ့တယ်။ ဖေဖေနဲ့ခွဲခွာရတော့မယ်ဆိုတာ သိနေချိန်မှာ ကျွန်မဟာ မကြာခဏဖေဖေ့ရဲ့လက်မောင်းတွေကိုတွဲပြီး ၊ ဖေဖေ့ရဲ့လက်တွေနဲ့ ကျွန်မရဲ့ လက်တွေကို ထိတွေ့ပြီးနေခဲ့တယ်။ ဖေဖေဆုံးပြီး ၁၀ လပြည့်တဲ့နေ့မှာ ကျွန်မတို့အိမ် မီးလောင်တဲ့ထဲမှာ ပါသွားခဲ့တယ်။ အဲဒီအချိန်တုံးက ကျွန်မရဲ့လက်တွေက ရှိသမျှခြင်ထောင်တွေ ၊ စောင်တွေကို အိပ်ရာခင်းထဲ ထည့်ပြီးထုတ်တော့တာပါဘဲ။ မီးတွေကနီးကပ်လာပြီး နောက်ဆုံးအိမ်ပေါ်ကဆင်းမယ်လုပ်တော့ Album စာအုပ်နဲ့ ထမင်းချိုင့်ကြီးကို သယ်ခဲ့တယ်။ နောက်ပိုင်း သားလေးတွေမွေးလာတော့လဲ သူတို့နဲ့ အလုပ်ရှုပ်ရပြန်တာပေါ့။ ပူအိုက်တဲ့နေ့တွေမှာ အိပ်ခါနီးတိုင်း ရေ၀တ်တိုက်ပေးပြီး အ၀တ်လဲ၊ ပေါင်ဒါတွေ ထည့်ပေးခဲ့တယ်။ ဒါမှ သန့်သန့်ရှင်းရှင်းနဲ့ မွှေးမွှေးလေး အိပ်ရအောင်လို့ပေါ့။

ကျွန်မရဲ့ ဆရာဝန်သက်တမ်းတစ်လျှောက်မှာ ဒီလက်တွေနဲ့ပဲ လူနာတွေရဲ့အသက်တွေ အများကြီး ကယ်တင်နိုင်ခဲ့ပါတယ်။ အထူးသဖြင်း မီးဖွားပေးခဲ့ရတာ၊ ခွဲစိတ်ပေးခဲ့ရတာတွေ အများကြီးပါဘဲ။ လူနာတွေရဲ့ ပြည်၊ သွေးတွေကို မရွံမရှာကိုင်တွယ်ခဲ့ရတယ်။ ရွှေဆိုင်တွေရဲ့ရှေ့ကဖြတ်လျှောက်မိတဲ့အခါတိုင်း ရွှေထည်လှလှ လေးတွေကို ကိုင်တွယ်နေရတဲ့ ကောင်မလေးတွေရဲ့ လက်လှလှလေးတွေနဲ့ ကျွန်မရဲ့လက်တွေကို နှိုင်းယဉ်ကြည့်နေခဲ့ဘူးတယ်။

အဲဒီလို ဘ၀နဲ့အလုပ်ခွင်ကိုဖြတ်သန်းလာရင်းနဲ့ ရာထူးအဆင့်ဆင့်တက်ပြီး ဆေးရုံအုပ်ကြီးဖြစ်လာ ပြန်တော့လဲ အမိန့်တွေ၊ အစီရင်ခံစာတွေကို ဒီလက်တွေနဲ့ပဲ ရေးပေးခဲ့ရ၊ လက်မှတ်ထိုးပေးခဲ့ရတာပါဘဲ။ အချိန်တန်လို့ပင်စင်ယူပြီး နောက်ပိုင်းမှာတော့ကျွန်မဟာ အိမ်ရှင်မကြီးလုံးလုံးလျားလျား ဖြစ်လာခဲ့ပါတယ်။ နေ့စဉ်နဲ့အမျှ အိမ်အလုပ်တွေနဲ့ အချိန်ကုန်နေရတယ်။ ဒါပေမယ့် ကျွန်မရဲ့လက်တွေကို ဒီလိုအလုပ်တွေနဲ့ပဲ အလဟဿကုန်ဆုံးသွားမှာကို မလိုလားပါဘူး။ လက်ကလေးနှစ်ဘက်ထပ်ပြီး ငြိမ်သက်စွာနဲ့ ခန္ဒာကိုယ်ရဲ့ဖြစ်မှု၊ ပျက်မှုကိုစောင့်ကြည့်ရင်း ၀ိပဿနာဥာဏ်စဉ်အဆင့်ဆင့်တက်ပြီး အိုခြင်း၊ နာခြင်း၊ သေခြင်း ကင်းတဲ့မဂ်ဖိုလ် နိဗ္ဗာန်ကိုလှမ်းတက်နိုင်အောင် ကြိုးစားရပါအုန်းမယ်။


စာဖတ်သူတို့လဲ မိမိရဲ့လက်တွေကိုဘ၀မှာ ဘယ်လိုအသုံးချခဲ့တယ်ဆိုတာ တွေးတောကြည့်ဖူး ပါရဲ့လား။ မိမိရဲ့လက်တွေဟာ မိမိတစ်ဦးတည်းအတွက် လက်လား၊ မိသားစုမှာအသုံးဝင်ခဲ့တဲ့ လက်လား၊ လူအများ အတွက် လက်လား၊ စသဖြင့်ပေါ့။ ဒါ့အပြင်မိမိရဲ့လက်တွေကို လောကီ၊ လောကုတ္တရာနှစ်ဖြာမှာ အကျိုးရှိ အောင်အသုံးပြုဖို့ စဉ်းစားကြည့်ခဲ့ပါသလား။

No comments: