Saturday, November 29, 2008

မစု (MA-SU) ကို ခံစားခြင်း

ဒီတစ်ပတ်တော့ ကျွန်မမေမေရဲ့ စာလေးတစ်စောင် ကို မူရင်းအတိုင်းထပ်မံ ဖော်ပြပါရစေရှင်။

မစု (MA-SU) ကို ခံစားခြင်း

၁၉၆၄ ခုနှစ် ကျွန်မ ၁၀ တန်းအောင်ချိန်မှာ တော့ မန္တလေး ဆေးတက္ကသိုလ်ကို IQ level နဲ့ ရွေးတဲ့အချိန် စခဲ့တာပါပဲ။ ဒီ့အရင်ကတော့ မန္တလေးတက္ကသိုလ်မှာ Inter-B အထိနေပြီး တော့မှ ဆေးတက္ကသိုလ်ကို တက်လိုသူများက မန္တလေးတက္ကသိုလ် ကို 2nd MB ကစတက်ကြရပါတယ်။ စနစ်သစ်အရ ကျွန်မလဲ မန္တလေးဆေးတက္ကသိုလ်မှာ 1st MB ဆိုတဲ့ အတန်းကစတက်ခဲ့ရတာပါပဲ။ မန္တလေး ၀ိဇ္ဇာ နဲ့ သိပ္ပံ တက္ကသိုလ်ကြီးမှာ စာသင်ချိန်တွေပြောင်းတိုင်း အခန်းတွေပြောင်းပြီး အပြေးအလွှား အတန်းတက်ကြရတာလို့တော့ ကြားဖူးပါတယ်။ အဲဒီအချိန်တုံးက ကျွန်မတို့ဆေးကျောင်းကတော့ ကျောင်းပုံစံကလဲ အထက်တန်းကျောင်းပုံစံ အတိုင်းပါပဲ။ စာသင်တော့လဲ တစ်ခန်းထဲမှာပဲ ဆရာတွေက သူ့အချိန်နဲ့သူ ၀င်ပြီးသင်တော့ အထက်တန်းကျောင်းကြီးလိုပါပဲ။ ကျွန်မတို့အတန်းမှာ ကျောင်းသား၊ ကျောင်းသူ ကလဲ စုစုပေါင်း ၇၅ယောက်ပဲ ဆိုတော့ တက္ကသိုလ် ပုံစံနဲ့ နဲနဲမှ မတူခဲ့ပါဘူး။ ဆေးကျောင်းသူတွေကလဲ ရွက်ကြမ်းရေကျို ပါပဲ။ ဒီတော့ ကျွန်မတို့ တက္ကသိုလ်က ကျောင်းသားတွေဟာ မန္တလေးတက္ကသိုလ် ကိုသွားပြီး အဲဒီကျောင်းက ကျောင်းသားတွေလိုအတန်းတွေ လိုက်တက်ကြကြောင်း လဲ ကြားဖူးခဲ့ပါရဲ့။ ကျွန်မအဖို့တော့ အဲဒီအချိန်အထိ မန္တလေးဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်ကြီးနဲ့ ဝေးကွာတုံးပါပဲ။

ကျွန်မတို့ဆေးကျောင်းနဲ့ ၀ိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်နဲ့ ဘတ်စကက်ဘော ပြိုင်တဲ့ ရာသီရောက်လာတော့ ကျွန်မတို့ကျောင်းက ကားတွေ စီစဉ်ပေးပြီး ၀ိဇ္ဇာ၊ သိပ္ပံတက္ကသိုလ် ကိုသွားပြိုင်ကြရပါတယ်။ ကျွန်မတို့လဲ အားပေးဖို့ လိုက်ကြပါတယ်။ အပြိုင် အော်ဟစ်အားပေးကြတော့ ၀ိဇ္ဇာ၊ သိပ္ပံဘက်ကလဲ “MC MC ... ရှုံးရှုံး ” လို့ အော်တာပေါ့။ ကျွန်မတို့ဘက်ကလဲ “MA-SU MA-SU .... ရှုံးရှုံး” လို့အော်ကြတာ။ အဲဒီအချိန်ကစပြီး Mandalay Arts and Science University ကို မစု (MA-SU ) လို့အတိုကောက်ခေါ်ကြတယ်။ (ခုခေတ်မှာဆိုရင်တော့ အဲဒီလိုခေါ်ရင် အပြစ်ဖြစ်မယ် ထင်ပါတယ်။)

အဲဒီလိုနဲ့ မစု နဲ့ ကျွန်မကတော့ သိပ်ရင်းနှီးလှသည်မဟုတ်ပါဘူး။ နွေရာသီ ကျောင်းပိတ်ရင်မှာ ပပကဆိုင်တွေမှာ စာရင်းတွေလုပ်ဖို့ ကျွန်မတို့ လုပ်အားပေးရပါတယ်။ (ဘာအတွက်လဲ မမှတ်မိတော့ပါ။) အဲဒီလို လုပ်အားမပေးခင် စာရင်းဇယား သင်တန်းအရင်တက်ရပါတယ်။ သင်တန်းက မစုဆီ မှာ လုပ်ပါတယ်။ အဲဒီတော့မှ ကျွန်မတို့လဲ မစုရဲ့ နာမည်ကြီး ရွှေမန်းဆောင်၊ သစ္စာဆောင် ဆိုတာတွေကို ရောက်ဖူးတော့တယ်။ ကျွန်မတို့ကို အဲဒီအဆောင်တွေမှာပဲ နေရာချထားပေးလို့ တစ်ပတ်လောက်နေခဲ့ရတယ်။ အဆောင်မှာပဲ ထမင်းစားရတယ်။ ကျွန်မတို့ဆေးကျောင်းက အဆောင်တွေနဲ့ မစုရဲ့ အဆောင်တွေက ကျွေးမွေးပုံစနစ်မတူပါဘူး။ ကျွန်မတို့ကျောင်းက မနက်ပိုင်း ကော်ဖီ၊ မုန့်၊ထမင်းကြော်၊ မုန့်တီ စသဖြင့် ကျွေးတယ်။ နေ့လည်ပိုင်းမှာ ထမင်းကျွေးတယ်။ မစု ကတော့ မနက် ၈ နာလောက်မှာ ထမင်းကျွေးတယ်။ နေ့လည်မှာ ကော်ဖီတိုက်တယ်။ အဆန်းဖြစ်နေတာပေါ့။ မစုက အဆောင်တွေမှာ ခေတ္တခဏ နေခဲ့ရစဉ်မှာ တက္ကသိုလ်ဆိုတဲ့ အရသာလေးကို ခံစားဖူးခဲ့ပါရဲ့။ ညပိုင်းကျတော့ ဂစ်တာတွေနဲ့ ကျောင်းသားတွေက သီချင်းလာဆိုကြတာကိုး။ မစုရဲ့ ကျောင်းသူတွေကလဲ မုန့်တွေပို့ကြ၊ ဘာသီချင်း ဆိုပါ ဆိုပြီး အော်ဟစ်ကြနဲ့ ကျွန်မတို့အဖို့ ထူးဆန်းနေတာပေါ့။ ကျွန်မတို့ ဆေးကျောင်းအဆောင်တွေမှာ တော့ဘယ်သူကမှလာပြီး သီချင်းမဆိုဘူး။ တစ်ခါတစ်လေ မျက်စိလည်လမ်းမှားပြီး လာဆိုတဲ့ သူတွေရှိရင်လဲ ဆေးကျောင်းသူတွေက မီးပိတ်ပြီး ငြိမ်နေကြတာ။ ဒါကတော့ မစုရဲ့ ကျောင်းသူ ခဏဖြစ်တုံးက အတွေ့အကြုံပေါ့။

အဲသည်နောက်တော့ မစုနဲ့ ကျွန်မဟာ သိပ်ပြီး အဆက်အဆံ မရှိခဲ့ကြပါဘူး။ သမီးငယ်လေး ဘွဲ့ယူတောမှ မစုဆီကို တစ်ခေါက် ရောက်ဖြစ်တော့တယ်။ ပြီးခဲ့တဲ့ အပတ်က မိတ်ဆွေတစ်ယောက်ကို တွေ့ဖို့ မစုဆီကို ရောက်ခဲ့ပါတယ်။ ခြောက်သွေ့ပြီး ပေါင်းမြက်တွေထူနေတဲ့ သစ္စာဆောင်ကြီးရှေ့က ဖြတ်သွားရတယ်။ ငယ်တုံးက ဘ၀လေးကိုလဲ သတိရလိုက်မိ သေးတယ်။ သမီးငယ်လေးကိုလဲ အထူးသတိရမိတယ်။ မန္တလေးတက္ကသိုလ် မိန်းအဆောက်အအုံကြီးရှေ့က လှေကားထစ်လေးတွေပေါ်မှာ သမီးလေးရိုက်ထားတဲ့ ဓာတ်ပုံလေးကို သတိရမိတယ်။ သမီးလေးဝတ်ထားတဲ့ အ၀တ်အစားနဲ့ မက်ခ်ျ ဖြစ်ပြီး သိပ်လှတာပဲ။ အဲဒီတုံးက သမီးက ပထမနှစ်လောက်ပဲ ရှိအုံးမယ်။ သူ့ရဲ့ နုပျိုလန်းဆန်းတဲ့ အလှကိုလဲ တွေ့ရတယ်။

သမီးတို့ ဌာနနားကို ရောက်တော့ သမီးလေး သွားလာလှုပ်ရှားခဲ့တဲ့ နေရာလေးမို့ အထူးသတိရမိပြန်တယ်။ လူ့လောက ကနေ ထွက်ခွာသွားပြီဖြစ်တဲ့ သမီးလေးရဲ့ ဆရာကြီးကိုလဲ သတိရမိတယ်။ သူကွယ်လွန်သွားတော့ သူ့ရဲ့ ထူးချွန်ပြောင်မြောက်တဲ့ လုပ်ရပ်တွေ၊ သူရဲ့ ပညာတွေကို သတိရနေကြပါရဲ့လား။ အသက်ရှင်လျက်ရှိနေခဲ့ရင်တောင် ဌာန၊ နေရာတစ်ခုကနေ ပြောင်းရွှေ့သွားခဲ့ရင်၊ အဲဒီနေရာမှာ ကိုယ်ဘယ်လောက်ပဲ ကျင်လည်ခဲ့ပေမဲ့ တစ်စိမ်းတစ်ရံလို ဖြစ်သွားတတ်တာ သဘာဝပါပဲ။

တက္ကသိုလ်ဝင်း ကနေ ထွက်ခွာခဲ့တော့ တက္ကသိုလ် အရံတပ်ရင်းဆိုတာကို တွေ့ရတယ်။ အဲဒီတော့လဲ သူငယ်ချင်းတစ်ယောက် ကိုသတိရမိပြန်တယ်။ အဲဒီသူငယ်ချင်းက MC ပထမနှစ်မှာ တက္ကသိုလ် အရံတပ်ရင်းကို ၀င်ခဲ့တာလေ။ သူညနေတိုင်း training ဆင်းခဲ့ရတာတွေကို ပြန်ပြောပြတတ်တယ်။ ကျောင်းပိတ်ရက်ရှည်တွေမှာ တစ်မြို့တစ်ရွာကိုလဲ လေ့လာရေးခရီး သဘောမျိုး သွားရတယ်တဲ့။ သူက ဆရာဝန်ဖြစ်တော့ တပ်ထဲဝင်ပြီး ဒုဗိုလ်မှူးကြီး ENT Specialist ဖြစ်တယ်။ အဲဒီခေတ်က တက္ကသိုလ်အရံ တပ်ရင်းကနေ တပ်မတော်သား အရာရှိတွေ မွေးထုတ်ပေးခဲ့ဘူးတယ်။

မစု ဆီကနေ ထွက်ခွာခဲ့ပြီးတော့ အတိတ်ရဲ့ အရိပ်လေးတွေဟာ ကျွန်မရဲ့ တွေးတောစိတ်ထဲမှာ တစ်ခုခြင်းပေါ်လာခဲ့လို့ ဒီစာစုလေးကို ရေးမိပါတယ်။ မစုနဲ့ အနေဝေးခဲ့သူဖြစ်တဲ့ ကျွန်မတောင်မှ တဒင်္ဂအတွင်းမှာ ဒီလောက်ခံစားမိခဲ့ရင် မကြာခင်မှာ နှစ်(၅၀)ပြည့်တော့မဲ့ မစုနဲ့ ရင်းနှီးကျွမ်းဝင်ခဲ့သူဆိုရင် အတိုင်းအဆမရှိ အတိတ်ရဲ့ အရိပ်တွေကို ပြန်တွေ့ကြမှာပါ။

နောင်နှစ်ပေါင်းများစွား အထိ မစု(MA-SU) ဆိုတာ တည်တံ့ခိုင်မြဲနိုင်ပါစေ။ လူတော်လူကောင်းများစွာကို မွေးထုတ်ပေးမဲ့ အမိတက္ကသိုလ်ကြီး အဖြစ် ရပ်တည်နေနိုင်ပါစေ။

မှတ်ချက်။ ။ မန္တလေးတက္ကသိုလ်ရဲ့ နှစ် ၅၀ပြည့် အထိမ်းအမှတ် အာစရိယပူဇော်ပွဲကို ယခုနှစ် နိုဝင်ဘာလအတွင်းက ကျင်းပပြီးစီးခဲ့ပြီး ဖြစ်ပါသည်။

1 comment:

Unknown said...

ohh the post is soooo sweeeeet.
It's literally lucky could catch up such a wonderful moment of uni life.