Showing posts with label experience in japan. Show all posts
Showing posts with label experience in japan. Show all posts

Saturday, November 1, 2008

တို့ရဲ့ ကမ္ဘာငယ်လေး

ဒီခေါင်းစဉ်နဲ့ ဂျပန်သီချင်းလေးကို ကြားဖူးကြပါသလား ရှင်။
It's a small world ဆိုတဲ့ အင်္ဂလိပ်စာသားနဲ့ သီချင်းလေးလဲ ရှိပါတယ်။
ကျွန်မကတော့ ဂျပန် သီချင်းလေးကို စပြီး ကြားဖူးခဲ့တာပါ။
ဒီသီချင်းလေးကို စပြီး ကြားဖူးခဲ့ တာကတော့ WFWP (Women Federation for World Peace) အဖွဲ့ ကအခမ်းအနားတွေမှာ ဖြစ်ပါတယ်။ WFWPရဲ့ အခမ်းအနားတွေမှာ တက်ရောက်လာသူတိုင်းကို အဲဒီ သီချင်းစာရွက်လေးတွေ ဝေပေးပါတယ်။ အခမ်းအနားပြီး တိုင်း တက်ရောက်သူတွေ အားလုံးအတူတကွ အဲဒီသီချင်းလေးကို ဆိုကြပါတယ်။ ဒီသူချင်းလေးရဲ့ အဓိပ္ပာယ်လေး ကိုခံစားကြည့်ကြပါစို့ နော်။
သီချင်းစာသားလေးက တိုပေမယ့် အနှစ်သာရ ရှိလှပါတယ်။
ဂျပန်သီချင်းစာသားလေးကို ဘာသာပြန်ခံစားကြည့်ထားတာ ဖြစ်ပါတယ်ရှင်.......


တို့ရဲ့ ကမ္ဘာငယ်လေး

တိုရဲ့ ကမ္ဘာလေးထဲမှာ
ပျော်ရွှင်စရာတွေလဲရှိတယ်၊ ၀မ်းနည်းစရာတွေလဲရှိတယ်
တို့တွေအတူတကွ လက်တွဲကူညီပြီး နေကြတဲ့
တို့ရဲ့ ကမ္ဘာငယ်လေး

တို့ရဲ့ ကမ္ဘာ ကျဉ်းကျဉ်းလေး မလို့
နေရာတိုင်း သာတူညီမျှခံစားမျှဝေလို့
တို့ရဲ့ ကမ္ဘာဟာ လုံးဝန်းတဲ့အတွက်
အကျိုးသက်ရောက်မှု တွေဟာ တစ်ဆက်တည်းပါပဲ။

တို့ရဲ့ ကမ္ဘာလေးပေါ်က လူတိုင်းဟာ
အပြုံးလေးတွေကိုယ်စီ မျှဝေနိုင်မယ်ဆိုရင်
တစ်ဦးနဲ့တစ်ဦး ခင်မင်ရင်းနှီးမှု တွေ တိုးပွားလာပြီး
အခက်အခဲတွေ့တိုင်း လက်တွဲ ကူညီနိုင်ကြမှာပါ။
ဒါဟာ တို့ရဲ့ ကမ္ဘာငယ်လေးပါ။


ဂျပန်သီချင်းစာသားလေးကို ဖော်ပြလိုက်ပါတယ်။

小さな世界


世界中どこだって
笑いあり、涙あり
皆それぞれ助け合う
小さな世界

* 世界はせまい、世界は同じ
   世界は丸い、ただ一つ

世界中だれだって
ほほえめば、仲良しさ
皆論になり手をつなごう
小さな世界

repeat *


တီးလုံးလေးကို ဒီနေရာမှာ နားဆင်နိုင်ပါတယ်။ Internet Explorer နဲ့ ဖွင့်ရင် ပိုအဆင်ပြေပါတယ်။
အဲဒီမှာ ဂျပန်သီချင်းစာသားရော အင်္ဂလိပ်သီချင်း စာသားကိုပါ ဖတ်နိုင်ပါတယ်။

http://utagoekissa.web.infoseek.co.jp/itsasmallworld.html

Monday, October 13, 2008

ကျွန်မနဲ့WFWP


WFWP (Women's Federation for World Peace) ဆိုတဲ့ အဖွဲ့အစည်း တစ်ခုကို ကြားဖူးကြသူ တွေလဲ ရှိမှာပါ။ မသိသေးတဲ့သူတွေကိုလဲ မိတ်ဆက်ပေးချင်ပါတယ်။
ဒီအဖွဲ့အစည်းဟာ ဘယ်လိုရည်ရွယ်ချက်နဲ့ ဘာတွေလုပ်ဆောင်နေတာလဲ၊ ဆိုတာတွေကို မပြောခင် ပထမဆုံး ကျွန်မဟာ ဘာကြောင့် ဒီအဖွဲ့အစည်း ကိုစိတ်ဝင်စားခဲ့မိသလဲ၊ ဒီအဖွဲ့အစည်း နဲ့ ဘယ်လိုပတ်သက်ပြီး ဘယ်လို ဆက်သွယ်မိခဲ့တယ်၊ ဆိုတာကို အရင် ပြောပြပါရစေ။

ကျွန်မနဲ့WFWP

ကျွန်မဟာ ဂျပန်ကို ပညာတော်သင် အဖြစ်နဲ့ ရောက်ခါစ ပထမတစ်နှစ်မှာ International Student House မှာ နေခွင့်ရခဲ့ပါတယ်။ ရောက်ပြီး နှစ်တစ်ဝက်လောက်မှာ Notice Board ပေါ်က ကြေငြာတစ်ခုကို စိတ်ဝင်စားမိ သွားပါတယ်။ အဲဒီကြေငြာကတော့ WFWP (Women Federation for World Peace) ဆိုတဲ့ အဖွဲ့အစည်းရဲ့ International student တွေအတွက် ဂျပန်လိုပြောရမဲ့ Speech Contest ကျင်းပပေးတဲ့ ကြေငြာပါပဲ။ ထူးခြားတာကတော့ မိန်းကလေးများသာလျှင် ပြိုင်ပွဲဝင်ခွင့် ရှိတယ်လို့ ရေးသားထားပါတယ်။ ဒီတော့ ကျွန်မလဲ ဂျပန်ရဲ့ အမျိုးသမီးရေးရာ အဖွဲ့အစည်း တစ်ခုလို့ ထင်ခဲ့မိတာပေါ့။ ဂျပန်စာသင်ခဲ့တုံးက speech ပြောဖူးတဲ့ အတွေ့အကြုံလဲရှိ၊ အဲဒီ အမျိုးသမီးရေးရာ အဖွဲ့ ကိုလည်း စိတ်ဝင်စားမိတာနဲ့ ပြိုင်ပွဲဝင်ဖို့ ဆုံးဖြတ်ပြီး လျှောက်လွှာကို fax နဲ့ ပို့လိုက်ပါတယ်။ ပို့လိုက်ပြီး နောက်တစ်နေ့မှာ အဲဒီက အမျိုးသမီး တစ်ယောက်က ကျွန်မဆီ ကိုဖုန်းဆက်ပြီး ရုံးခန်းကိုလာခဲ့ဖို့ ခေါ်ပါတယ်။ ကျောင်းသားဖြစ်ကြောင်း ထောက်ခံစာကိုလဲ ယူလာခဲ့ဖို့ ပြောပါတယ်။ ရုံးခန်းရှိတဲ့ နေရာကို သွားဖို့အတွက် အဲဒီ အမျိုးသမီးက သူနဲ့တစ်နေရာ မှာချိန်းပြီး ရုံးခန်းကို အတူသွားမယ် လို့ပြောပါတယ်။ ဒီလိုနဲ့ Sakurano ဆိုတဲ့ ကုန်တိုက်ကြီး တစ်ခုရဲ့ အ၀င်ပေါက်တစ်ခု မှာ ချိန်းလိုက်ကြပါတယ်။ ဖုန်းချခါနီး သူမပြောလိုက်တဲ့ စကားတစ်ခွန်းကြောင့် ကျွန်မ အလွန်အံ့သြပြီး အားနာသွား ခဲ့မိပါတယ်။ သူမက အသက်(၇၀) ကျော်နေပြီ ဖြစ်တဲ့သူ တစ်ယောက် ဖြစ်ပါတယ်တဲ့။

ချိန်းထားတဲ့နေ့မှာ ချိန်းထားတဲ့နေရာ ကိုအနည်းငယ်စောပြီး ရောက်သွားပါတယ်။ ဂျပန်လူမျိုး တွေက အချိန်ကို လေးစားတဲ့ အတွက် ချိန်းထားတဲ့ အချိန်ကို နောက်မကျအောင် သတိထားပြီး သွားရပါတယ်။ တစ်ခါမှ မတွေ့ဖူး သေးဘူးဆိုတော့ သူမဘယ်လို ပုံစံပါလိမ့် ဆိုပြီး ရောက်လာတဲ့ အဘွားကြီးတွေ မှန်သမျှကို လိုက်ကြည့် နေမိတယ်။ "sumimasen" (excuse me) ဆိုတဲ့ အသံနဲ့ ကျွန်မနံမည် ကိုလာခေါ်တဲ့ သူကို လှည့်ကြည့် လိုက်တော့ တိုပြီးသေသပ်လှပလှတဲ့ ဆံပင်ပုံ နဲ့ ခပ်ချောချော ဂျပန် အမျိုးသမီးကြီး တစ်ယောက်ပေါ့။ အပြောအဆို နဲ့ လှုပ်ရှားမှုကလဲ သွက်မှသွက်ပဲ။ လမ်းလျှောက်နှေးတဲ့ ကျွန်မ သူနဲ့ ခပ်မြန်မြန်လိုက်ပြီး လမ်းလျှောက် လိုက်ရတယ်။ သူမရဲ့ နာမည်က တာကာဟရှိအခိရိုစန် ဖြစ်တယ်။ နောက်ပိုင်းမှာ ကျွန်မက သူ့ကို အော်ခစန် (အမေ)လို့ ခေါ်ပြီး၊ ကျွန်မအပေါ် သမီးတစ်ယောက်လို ဂရုစိုက်ခဲ့တဲ့သူ ဖြစ်ပါတယ်။

ရုံးခန်းရောက်တော့ ပိုပြီးအံ့သြသွားရတယ်။ တွေ့ရတဲ့ သူမှန်သမျှဟာ အနည်းဆုံး အသက်(၆၀) ကျော်လောက်ရှိကြတဲ့ အမျိုးသမီးကြီးတွေ ချည်းပဲ။ သူတို့အားလုံးဟာ သပ်ရပ်လှပစွာ ပြင်ဆင်ထားကြပြီး ဆံပင်ပုံစံတွေကလဲ အရမ်းလှပြီး သပ်ရပ်တယ်။ သူတို့တွေဟာ ကျွန်မကို ၀မ်းမြောက်ဝမ်းသာ ကြိုဆိုကြပြီး စကားတွေ အများကြီးပြောကြတယ်။ အခက်အခဲ ရှိတာမှန်သမျှ ဆွေးနွေးတိုင်ပင်လို့ ရတယ် ဆိုတဲ့အကြောင်း၊ မကြာခဏ လာလည်လို့ ရတယ်ဆိုတဲ့ အကြောင်းပြောကြတယ်။ ကျွန်မအနေနဲ့လဲ သူတို့နဲ့ သိကျွမ်းရတာ အလွန်ဝမ်းသာတဲ့ အကြောင်း၊ မြန်မာပြည်က အမေနဲ့ ဝေးနေတဲ့အတွက် အမေလို၊ အဘွားလို သဘောထားကြောင်း ပြန်ပြောတော့ သူတို့တွေက အလွန် သဘောကျကြသွားကြပြီး သူတို့ကို အဘွားလို့ ခေါ်လို့ရကြောင်းလဲ ပြောတယ်။ ဒါပေမဲ့ အမေနဲ့ဝေးနေတဲ့ ကျွန်မက သူတို့ကို အော်ခစန် (အမေ) လို့ပဲ ခေါ်ပါတယ်။

သူတို့ အဖွဲ့နဲ့ သိကျွမ်းခင်မင်ပြီး နောက်ပိုင်းမှာ သူတို့နဲ့အတူ မြန်မာထမင်းဟင်း ချက်ပြုတ်ပြီး အတူတူ စားသောက်ခြင်း၊ သူတို့ ဖိတ်ကြားခဲ့ အခမ်းအနား တွေဆီကို သွားရောက်ခြင်း၊ စသဖြင့် ပူးပေါင်းကူညီ လုပ်ဆောင်ခဲ့ပါတယ်။ ကျွန်မက ငယ်စဉ် ကလေးဘ၀ထဲက ကခုန်ခြင်း ကိုဝါသနာပါခဲ့တဲ့သူ ဆိုတော့ နှစ်စဉ်နှစ်တိုင်း နွေဦးရာသီ မှာပြုလုပ်တဲ့ သူတို့ရဲ့ နှစ်ပတ်လည် အခမ်းအနားတစ်ခုမှာ သင်္ကြန်အက ကပေးပြီး ကိုယ်တတ်နိုင်တဲ့ အခန်းကဏ္ဍကနေ ပါဝင်ကူညီခဲ့ဘူးတယ်။

ကဲ....ဆက်ပြီးတော့ သူတို့အဖွဲ့အကြောင်း ဆက်ဖတ်ရအောင်။

Women's Federation For World Peace (WFWP)

WFWP အဖွဲ့ကို ၁၉၉၂ ခုနှစ်မှာ Dr. Hak Ja Jan Moon ဆိုတဲ့ ကိုရီးယား အမျိုးသမီးကြီး တစ်ဦး က စတင်တည်ထောင်ခဲ့ပြီး အခုဆိုရင် နိုင်ငံပေါင်း ၉၀ ကျော်မှာ ရုံးခွဲတွေ ဖွင့်လှစ်နိုင်ခဲ့ပါပြီ။ အဓိကထား ဆောင်ရွက်တဲ့ လုပ်ငန်းတွေကတော့ အမျိုးသမီးများ အကူအညီရရှိရေး၊ ပညာရေးထောက်ပံ့မှု လုပ်ငန်းများ၊ အိပ်စ်ရောဂါ ကာကွယ်ရေး ပညာပေး လုပ်ငန်းများ၊ တကိုယ်ရေသန့်ရှင်းမှု နဲ့ အာဟာရပြည့်ဝစွာ စားသောက်မှု ပညာပေး လုပ်ငန်းများ၊ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ စသဖြင့် ဖြစ်ပါတယ်။
WFWP အဖွဲ့ ဟာ ကမ္ဘာ့ ကုလသမဂ္ဂ အဖွဲ့ကြီး ရဲ့ စီးပွားရေးနဲ့ လူမှုရေးကောင်စီ မှာအထွေထွေ အကြံပေး NGO အဖွဲ့အစည်း တစ်ခုအနေနဲ့ လဲရပ်တည်နေတာ ဖြစ်တယ်။

WFWP ရဲ့ ရည်ရွယ်ချက်

“ကမ္ဘာကြီး ဟာ မိသားစုတစ်စုပဲ ဖြစ်တယ်” ဆိုတဲ့ခံယူချက်ကို လက်ကိုင်ထားကာ ကမ္ဘာကြီးသာယာငြိမ်းချမ်းရေး ကိုဦးတည်ခြင်း၊
အမျိုးသမီးတွေနဲ့ ကလေးများရဲ့ ဖွံ့ဖြိုးတိုးတက်မှု ကိုအဓိကထားပြီး ငြိမ်းချမ်းရေးတံတား (peace of bridge) ဆောက်လုပ်ခြင်း။

WFWP, Japan


ဂျပန် နိုင်ငံ ရဲ့ အမြို့မြို့ အနယ်နယ်မှာ WFWP ရဲ့ ရုံးခွဲတွေရှိပြီး နိုင်ငံအသီးသီး အတွက်တာဝန်ယူ ဆောင်ရွက်နေကြတယ်။ ဥပမာဆိုရင် ကျွန်မ နေတဲ့မြို့က WFWP အဖွဲ့ခွဲဟာ ကင်ညာနိုင်ငံ ရဲ့ ပညာရေး၊ ကျန်းမာရေး နဲ့ပတ်သက်တဲ့ ထောက်ပံ့ကူညီတဲ့ လုပ်ငန်းတွေကို တာဝန်ယူရတာတဲ့။ ကင်ညာနိုင်ငံ အတွက် ရံပုံငွေရှာတဲ့ ဈေးရောင်းပွဲနဲ့ ဂီတပွဲတော်ကို ကျွန်မရဲ့အော်ခစန်တို့ ဖိတ်ကြားချက်နဲ့ သွားရောက်ခဲ့ဖူးတယ်။ ကင်ညာနိုင်ငံကို ကြိမ်ဖန်များစွာ သွားရောက်ခဲ့ပြီး ကလေးတွေနဲ့ အမျိုးသမီးလေးတွေ ဖွံ့ဖြိုးတိုးတက်မှုအတွက် ဆောင်ရွက်ခဲ့တဲ့ ဂျပန် အမျိုးသမီးကြီးတစ်ဦးနဲ့လဲ တွေဆုံခွင့်ရခဲ့တယ်။ သူက ကင်ညာမှာ မူလတန်းကျောင်းတွေ ဆောက်ပေးခဲ့တဲ့ အကြောင်း၊ အမျိုးသမီးများအတွက် အိမ်တွင်းမှုသင်တန်းတွေ၊ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတွေလုပ်ခဲ့တဲ့ အကြောင်း ဗွီဒီယို ဆလိုက်တွေနဲ့ ပြသသွားတယ်။

နောက်ထပ်ပြောပြချင်တာက ဂျပန်မှာ ကျောင်းလာတက်တဲ့ နိုင်ငံခြားသား ကျောင်းသူလေးတွေ အတွက်လဲ ထောက်ပံ့မှု တွေပြုလုပ်ပေးတဲ့ အကြောင်းပါ။
ဂျပန်မှာရှိတဲ့ WFWP အဖွဲ့ခွဲတွေဟာ နိုင်ငံခြားသား ကျောင်းသူလေးတွေအတွက် ဂျပန်စကားပြောပြိုင်ပွဲကို တစ်နှစ်တစ်ခါ ကျင်းပပေးပါတယ်။ (အပေါ်မှာရေးခဲ့ပြီးပါပြီ။) အဲဒီပြိုင်ပွဲမှာ ၀င်ပြိုင်တဲ့သူတွေအားလုံးကို ဆုပေးပါတယ်။ ဒါ့အပြင် ပညာသင် ထောက်ပံ့ကြေးကို တစ်နှစ်မှာ တစ်ယောက် (တမြို့နယ်စီမှာ) ရွေးချယ် ထောက်ပံ့ပေးတဲ့ လုပ်ငန်းတွေကို လဲလုပ်ပါသေးတယ်။

WFWP မှာ အလုပ်လုပ်နေတဲ့ သူတွေဟာ များသောအားဖြင့် အလုပ်တာဝန်များမှ ရပ်နားပြီး တဲ့အချိန်မှာ မိမိရဲ့ အချိန်နဲ့ ငွေတွေကို လူမှုရေးလုပ်ငန်း တွေမှာ မြုပ်နှံလုပ်ဆောင်နေကြသူတွေ ပဲဖြစ်ပါတယ်။

WFWP ရဲ့အဖွဲ့ဝင် တစ်ယောက်အနေနဲ့ ၀င်ကြေးနဲ့ လစဉ်ကြေးတွေကို ပေးသွင်းနေကြပြီး လူအများ အကျိုးအတွက်၊ “ကမ္ဘာကြီးဟာ မိသားစုတစ်ခု” ဆိုတဲ့ ခံယူချက်နဲ့ မပြည့်စုံသေးတဲ့ မိသားစုဝင်တွေကို ထောက်ပံ့ကူညီတဲ့ ၊လွန်စွာမှ မွန်မြတ်ကောင်းမွန်လှတဲ့ အလုပ်တွေကို လုပ်ဆောင်နေကြသူများပဲ ဖြစ်ပါကြောင်း ဂုဏ်ပြု ဖော်ပြချင်ပါတယ်ရှင်။

အသေးစိတ် သိလိုပါလျှင်----http://www.wfwp.org/wfwpi/index.cfm မှာဖတ်နိုင်ပါတယ်။
ဗွီဒီယို ကို ဒီမှာကြည့်ပါ
http://www.wfwp.org/wfwpi/index.cfm?SectionGroupsID=2&SectionListsID=2&PageID=65

သိထားသမျှလေးရေးလိုက်တာပါ။

Sunday, October 5, 2008

သူတို့ဆီက Open Campus

ဂျပန်က တက္ကသိုလ်တွေမှာ တစ်နှစ်တစ်ခါ Open campus ဆိုတဲ့ အစီအစဉ် ကိုလုပ်ကြတယ်။
Open campus ဆိုတာဘာလဲ ဆိုတော့ အထက်တန်း ကျောင်းသူ၊ ကျောင်းသားလေးတွေဟာ တက္ကသိုလ် အသီးသီးကို သွားပြီး လေ့လာရေး ကွင်းဆင်းခွင့် ရကြတာပါ။

ဂျပန်မှာ အထက်တန်းက (၃) နှစ်တက်ရပြီး အများအားဖြင့် အထက်တန်း ဒုတိယနှစ်နဲ့ နောက်ဆုံးနှစ် ကျောင်းသားတွေက Open campus ကိုလာလေ့လာကြတယ်။ သူတို့တွေဟာ အထက်တန်းကျောင်း အောင်ပြီးရင် ဘယ်ဘာသာရပ် ကိုရွေချယ်ပြီး တက္ကသိုလ် ၀င်ခွင့်ဖြေမယ် ဆိုတာကို ဆုံးဖြတ်နိုင်ဖို့၊ မိမိ ကိုယ်တိုင် စိတ်ပါဝင်စားပြီး သင်ယူလေ့လာချင်တဲ့ ဘာသာရပ်ကို ရွေးချယ်နိုင်ဖို့အတွက် ဒီOpen campus ဆိုတဲ့ အစီအစဉ်ကို တက္ကသိုလ်တွေက (၂)ရက်တိတိ ပြုလုပ်ပေးတာလေ။

အဲဒီ Open campus အတွက် တက္ကသိုလ်မှာ ရှိတဲ့ ဌာနအသီးသီးဟာ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ကြရတယ်။
အဲဒီအတွက် ဆရာတစ်ယောက်က တာဝန်ယူရပြီး တာဝန်ယူရတဲ့ ဆရာက ဌာနမှာ ရှိတဲ့ ဘွဲ့လွန်ကျောင်းသားတွေကို ဘာတွေဘယ်လို ပြင်ဆင်သင့်တယ် ဆိုတာ အကြံပေး ကြီးကြပ်ကွပ်ကဲ ရတာပဲ။
ဒီနှစ်မှာလဲပဲ ကျွန်မတို့ ဌာနက Open campus အတွက် တစ်လလောက်ကြိုတင်ပြီး ပြင်ဆင်ခဲ့ကြတယ်။ ကျွန်မတို့ Lab က Theoretical Lab ဖြစ်တဲ့အတွက် အထက်တန်းအဆင့် နာလည်နိုင်မဲ့ ဘာသာရပ်နဲ့ပတ်သက်တာတွေကို ဆွေးနွေးတိုင်ပင်ကြပြီး Poster တွေနဲ့ ကလေးတွေ စိတ်ဝင်စားမဲ့ Quiz လေးတွေ ဖန်တီးခဲ့ကြတယ်။ Experimental Lab တွေကလဲ လက်တွေ့ခန်းအသေးလေးတွေ၊ စက်ပစ္စည်း ကိရိယာတွေ ပြင်ဆင်ကြ ၊ Poster တွေ၊ လက်ကမ်းစာစောင်တွေ ပြင်ဆင်ကြနဲ့ အားလုံးလိုလို မအားကြရပါဘူး။

အဲဒီလို လုပ်ဆောင်ခဲ့ရတဲ့အတွက် တစ်ဦးနဲ့တစ်ဦး ပူးပေါင်းလုပ်ဆောင်မှု နဲ့ မိမိရဲ့ ဘာသာရပ်နဲ့ ပတ်သက်ပြီး စိတ်ဝင်စားမှု ရှိအောင် တင်ပြရှင်းလင်းနိုင်မှု စတဲ့ အရည်အချင်းတွေကို တက္ကသိုလ်က ဘွဲ့လွန်ကျောင်းသားတွေ အနေနဲ့ ရခဲ့တဲ့ အခွင့်အရေးကောင်း တစ်ခုပါပဲ။

ဒီလိုနဲ့ Open campus နေ့ကို ရောက်လာပါပြီ။ ကျွန်မတို့လဲ ဌာနကို အချိန်မှီ သွားရောက်ရပြီး ကျောင်းသားလေးတွေ လာရင် အဆင်သင့်ဖြစ်နေဖို့ ပြခန်းကို ပြင်ဆင်ထားရပါတယ်။ ကျွန်မတို့ တက္ကသိုလ်နဲ့ နီးတဲ့ အနယ်နယ်အရပ်ရပ်မှာ ရှိတဲ့ ကျောင်းအသီးသီက အထက်တန်း ကျောင်းသား လေးတွေဟာ ကျောင်းဝတ်စုံလေးတွေ အသီးသီး ၀တ်ဆင်ထားကြပြီး ဘစ်ကားကြီးတွေနဲ့ ရောက်လာကြပါပြီ။

Campus ရဲ့အ၀င်ဝမှာ ကြိုဆိုရေး အဖွဲ့ရှိပြီး အဲဒီအဖွဲ့ကနေ campus ရဲ့ လမ်းညွှန်မြေပုံ နဲ့ ပြခန်းပြင်ဆင်ထားမဲ့ အခန်းနံပါတ် တွေပါတဲ့ စာရွက်လေးတွေ စသဖြင့် ဝေငှပေးပြီး ကျောင်းသားလေးတွေ အတွက်လိုအပ်တဲ့ လမ်းညွန်မှု တွေကို လုပ်ဆောင်ပေးတယ်။ အဲဒီနေရာမှာ မေးခွန်း(၅)ပုဒ်ပါတဲ့ စာရွက်လေးတစ်ရွက်လဲ ပါတယ်လေ။ ကျောင်းသားလေးတွေဟာ အဲဒီမေးခွန်း (၅)ပုဒ်ကို ဖြေနိုင်ဖို့အတွက် အနည်းဆုံး ဌာန(၅)ခုကို သွားရောက်လေ့လာရမှာ ဖြစ်တယ်။ ကောင်းတဲ့ အစီအစဉ်တစ်ခုပဲ ချောင်ခိုနေလို့မရတော့ဘူးပေါ့။ တစ်ချို့ ကျောင်းသားလေးတွေဟာ နှစ်ယောက်တွဲ၊ သုံးယောက်တွဲ စသဖြင့် အုပ်စုဖွဲ့ ပြီး သွားကြသလို တစ်ချို့ ကလဲ တစ်ယောက်တည်းပဲ ဌာနပေါင်းစုံ လိုက်ပြီး လေ့လာကြတာ တွေ့ရတယ်။

Poster တွေ၊ စက်ပစ္စည်းတွေ ခင်ကျင်းပြသထား တဲ့ ပြခန်းအသီးသီးမှာ တာဝန်ရှိ ဘွဲ့လွန်ကျောင်းသားတွေဟာ တစ်ဖွဲဖွဲ ရောက်ရှိလာကြတဲ့ အထက်တန်း ကျောင်းသားလေးတွေကို နားချိန်၊ ထမင်းစားချိန်ပင်မရှိပဲ အားတက်သရော ရှင်းလင်းပြသကြတယ်။ အထက်တန်း ကျောင်းသားတွေအပြင် undergraduate တက္ကသိုလ်ကျောင်းသားတွေ ကပါ မိမိတို့ ဘာသာရပ်နဲ့ သက်ဆိုင်တဲ့ ပြခန်းတွေကို လာရောက်ကြည့်ရှု လေ့လာကြတာ တွေ့ရတယ်။

အထက်တန်းကျောင်းသားလေးတွေ အနေနဲ့လဲ မိမိတို့ ကြိုက်နှစ်သက်ရာ ဘာသာရပ်ဌာန အသီးသီးကို သွားရောက် လေ့လာခွင့်ရပြီး မသိနားမလည်တာတွေကို မေးမြန်းနိုင်ကြတယ်။ မနက်ပိုင်းကနေစပြီး ညနေပိုင်း အချိန်အထိ တစ်နေရာဝင် တစ်နေရာထွက်နဲ့ စိတ်ပါဝင်စားစွာ ၀င်ရောက်နားထောင် ကြည့်ရှုကြတာ တွေ့ရတယ်။ သူတို့လေးတွေဟာ တက္ကသိုလ် ကျောင်းတော်ကြီး ကိုလာရောက်ခွင့်ရတဲ့ အတွက် ပျော်ရွှင် တက်ကြွနေကြတာပေါ့။

ဒီလိုနဲ့ သူတို့လေးတွေဟာ အထက်တန်း အောင်မြင်ပြီး တဲ့နောက် မိမိ စိတ်ပါဝင်စားတဲ့ ဘာသာရပ်ကို စိတ်ကြိုက်ရွေးချယ်ခွင့် ရှိကြတယ်လေ။ ဘယ်ဘာသာရပ်မဆို တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ ဖြေဆိုကြရတယ်။ အထက်တန်းမှာ ခြေချော်လက်ချော် ဖြစ်သွားလို့ ကိုယ်သင်ယူလေ့လာချင်တဲ့ ဘာသာရပ်ကို မသင်ယူနိုင်မှာ မပူရပါဘူး။ နောက်ပြီးတော့ ဘွဲ့တစ်ခုရပြီးမှ (ဒါမှမဟုတ်) ကိုယ်ကြိုက်တဲ့ အချိန်တစ်ခုမှာ နောက်ထပ်ဘာသာရပ်တစ်ခုကို စိတ်ဝင်စားပြီး လေ့လာချင်တယ် ဆိုရင်လဲ တက္ကသိုလ်ဝင်ခွင့် ထပ်ဖြေ၊ တက္ကသိုလ် ပထမနှစ်က ပြန်စပြီး တက်နိုင်တဲ့ အခွင့်အရေးလဲ ရှိတယ်လေ။ အဲဒီတော့ ဘာသာရပ် ရွေးချယ်မှု မှားယွင်းခဲ့လို့ စိတ်မ၀င်စားပဲ သင်ယူနေရတဲ့ အဖြစ်မျိုးလဲ မရှိတော့ပါဘူး။



Wednesday, September 24, 2008

သွားခဲ့တဲ့ဂီတပွဲတော်တစ်ခု

မောင်လေး NY အပျင်းပြေဖတ်ဖို့-
ပြီးခဲ့တဲ့နှစ်ပတ်လောက်က မမနေတဲ့ Sendai မြို့မှာ ကျင်းပခဲ့တဲ့ Jazz Festival ကိုသွားခဲ့တဲ့အကြောင်း ပြောပြချင်တယ်။ အယင်နှစ်တွေက ဒီပွဲတော်ရှိတယ် ဆိုတာကြားမိပေမယ့် မသွားဖြစ်ခဲ့ပဲ ဒီနှစ်မှပဲ ပထမဆုံးအကြိမ် သွားဖြစ်တော့တယ်။ အဲဒီပွဲတော်ကို Kotodai ပန်းခြံ နဲ့ အဲဒီပန်းခြံ နားက Johzenji ဆိုတဲ့ လမ်းမကြီးတစ်လျောက်မှာ ကျင်းပတယ်။ အဲဒီပန်းခြံနဲ့ Johzenji လမ်းမကြီးကတော့ Sendai မြို့ မှာ ပွဲတော်တွေ အမျိုးမျိုး ကျင်းပတဲ့နေရာပေါ့။ နှစ်စဉ်နှစ်တိုင်း စက်တင်ဘာလရဲ့ ဒုတိယအပတ် စနေနဲ့ တနင်္ဂနွေနေ့ မှာ မနက် ၁၁နာရီလောက်ကစပြီး ည ၉နာရီလောက်ထိ ကျင်းပကြတယ်။ ဒီပွဲတော်ကို ဂျပန်နိုင်ငံ အနယ်နယ် အရပ်ရပ်က တီးဝိုင်း အဖွဲ့တွေ အများကြီး လာပြီးတီးမှုတ်ကြတာပေါ့။ စုစုပေါင်း တီးဝိုင်းအဖွဲ့ ၇၀၀ကျော် လောက် ရှိတယ်။ ဂျပန်မှာ အကြီးဆုံး ဂီတပွဲတော်ကြီး တစ်ခုဖြစ်တယ်တဲ့။ Jozenji လမ်းမကြီးက ဘေးတစ်ဘက်တစ်ချက်မှာ သစ်ပင်ကြီးတွေ အုပ်အုပ်ဆိုင်းဆိုင်းနဲ့ လမ်းလယ်ခေါင်မှာလဲ အတော်ကျယ်တဲ့ လမ်းလယ်ကျွန်းရှိပြီး အဲဒီကျွန်းရဲ့ တစ်ဘက်တစ်ချက်မှာလဲ သစ်ပင်ကြီးတွေက စီတန်းနေတယ်။ သစ်ပင်တွေရဲ့အလယ် ကျွန်းပေါ်မှာ လူတော်တော်များများ လမ်းလျှောက်လို့ရတဲ့ လမ်းလေးရှိပြီး ထိုင်ခုံလေးတွေလဲရှိတယ်လေ။
Johzenji လမ်းမကြီးဘက်ကို ၀င်လိုက်တာနဲ့ တီးလုံးသံတွေ ကိုကြားရပြီး လမ်းလယ်ခေါင် ကျွန်းလေးပေါ်မှာ အဖြူရောင် အမိုးလေးတွေရဲ့ အောက်မှာ တီးမှုတ် နေကြတဲ့ တီးဝိုင်းအဖွဲ့လေးတွေ အများကြီးကို တွေ့ရပြီး လမ်းမကြီးရဲ့ ပလက်ဖောင်းဘေး မှာလဲ တီးခတ်၊ သီဆို ဖျော်ဖြေ နေကြတဲ့ တီးဝိုင်းတွေ လဲရှိတယ်။ လူတွေက သူတို့နှစ်သက်တဲ့ တီးဝိုင်းအဖွဲ့တွေ ရှေ့မှာ ယဉ်ကျေးစွာနဲ့ရပ်ပြီး လက်ခုပ် တဖြောင်းဖြောင်း တီးပြီး အားပေးကြတယ်။ တစ်ချို့ ကောင်မလေး ငယ်ငယ်လေးတွေဆို စီးချက်နဲ့အညီ လိုက်ပြီး ခန္တာကိုယ်လေးတွေက ယိမ်းခါနေကြတယ်။ မမတို့လဲ တီးဝိုင်း တစ်ခုပြီး တစ်ခုပြောင်းပြီး နားထောင်ကြတယ်။ တချို့ တီးဝိုင်းတွေဆို လူတွေများလွန်းပြီး တိုးမပေါက်တော့လို့ ပြန်လှည့်ခဲ့ရတယ်။ မမက ဆူဆူညံညံ တီးလုံးတွေကို မနှစ်သက် တတ်ခဲ့ပေမယ့် ဒီမှာတော့ လာနားထောင်တဲ့ ပရိတ်သတ်ဟာ အောဟစ် ဆူညံခြင်းမရှိပဲ တိတ်ဆိတ်စွာနဲ့ ဂီတသံစဉ်တွေကို ခံစားမှုအပြည့်နဲ့ အားပေး နေကြတာကို တွေ့ရတယ်။ သူတို့နဲ့အတူတူ ၀င်ရောက် နားထောင် ခံစားရင်း ဂီတသံစဉ် အမျိုးမျိုးကို နားထောင်ပြီး ပျော်ရွှင် နေခဲ့တယ်။ တစ်နေရာစီမှာ တီးဝိုင်းအဖွဲ့တွေက အလှည့်ကျ တစ်ဖွဲ့ပြီး တစ်ဖွဲ့ပြောင်းပြီး ဖျော်ဖြေကြတယ်။

ဒီလိုနဲ့ လမ်းမကြီးတစ်လျောက် လှည့်ပတ်နားထောင်ရင်း ဗိုက်ဆာလာတာနဲ့ မုန့်ဆိုင်တွေရှိတဲ့ Kotodai ပန်းခြံ ဘက်ကို ထွက်ခဲ့တယ်။

Kotodai ပန်းခြံ ထဲမှာတော့ တီးဝိုင်းအဖွဲ့ကြီးတွေက စင်မြင့် ကြီးပေါ်မှာ တီးခတ်ဖျော်ဖြေနေတာ တွေ့ရတယ်။
ဒီဘက်မှာလဲ မုန့်ဆိုင်တန်းတွေ၊ အဖျော်ရမကာဆိုင်တန်းတွေနဲ့ လူတွေ တိုးမပေါက်အောင် စီကားနေတယ်။ မုန့်ဆိုင်တန်းတွေကို လိုက်ကြည့်ရင်း မုန့်ဆိုင်တစ်ခု ရှေ့မှာ လူတန်းရှည်ကြီး တန်းစီနေတာတွေ့လို့ ဘာဆိုင်လဲလို့ ကြည့်လိုက်တော့ Sendai မြို့ရဲ့ နာမည်ကြီး စားစရာ တစ်မျိုးဖြစ်တဲ့ ဂရူတန်း(နွားလျှာ) ယာခိ(အကင်) ဆိုင်ဖြစ်နေပါပေါ့လား။



ယာခိနိခု(အသားကင်)ဆိုင်တွေလဲ အများကြီးပဲ။ ဂျပန်ရိုးရာ မုန့်ဆိုင် တွေလဲ အများကြီးပဲ။ မမတို့ဆီက မုန့်လင်မယား (မုန့်အုပ်ကလေး) နဲ့ပုံစံတူတဲ့ မုန့်လဲရှိတယ်။ ဒါပေမဲ့ သူတို့ရဲ့မုန့်က မုန်နှစ်ကို မုန့်လုပ်တဲ့ ခွက်ကလေးတွေထဲ လောင်းထည့်ပြီး တကောလို့ခေါ်တဲ့ ရေဘ၀ဲ အသားတွေကို သေးသေးလေး တုံးပြီး ထည့်ထားတာ။


ဒီလိုနဲ့ ဘာစားရမလဲ ရှာရင်း မုန့်နှစ်ထဲမှာ ပုစွန်ခြောက်အသေးလေးတွေ၊ ငါးနဲ့လုပ်ထားတဲ့ အမှုန့်လေးတွေ ထည့်လိပ်ပြီး ကြော်ထားတဲ့ မုန့်တစ်ခုနဲ့ (မုန့်ရေပါးကို သတိရမိတယ်၊ တူတော့မတူပါဘူး) ၀က်သားကင် ကြီးကြီးတစ်ချောင်း၊ သောက်စရာ တစ်ဗူးဝယ်ပြီး ထိုင်စားဖို့ နေရာ လိုက်ရှာတယ်။ လူတော်တော်များများလဲ စားသောက်စရာတွေ ၀ယ်ပြီး သစ်ပင်အောက်တွေမှာ၊ ပန်းခုံတွေပေါ်မှာ ထိုင်ပြီးစားသောက်ရင်း အပန်းဖြေနေကြတယ်။ မမတို့လဲ ဗိုက်ဆာဆာနဲ့ ထိုင်ပြီးစားနေတုံး စတိုင်ကျကျ ဟန်လုပ်ပြီး ထိုင်နေတဲ့ ခွေးကလေး တစ်ကောင်ကို တွေ့လိှု့ သဘောကျပြီး ဓာတ်ပုံ ရိုက်လာခဲ့သေးတယ်။ (ဒီမှာက အိမ်မွေး တိရစ္ဆာန်တွေကို သားသမီးလို သဘောထားပြီး ကောင်းကောင်းမွန်မွန် စောင့်ရှောက်ကြတယ်။)

မမ အဓိကထား ပြောပြချင်တာကတော့ မုန့်ဆိုင်တန်းတွေ နားမှာ တွေ့ရတဲ့ ဆိုင်လေးတစ်ခုပါပဲ။ အဲဒီဆိုင်လေးရဲ့ အမည်က Recycle station လို့ ဂျပန်လို katakana နဲ့ရေးထားပါတယ်။

တကယ်တမ်းတော့ အဲဒီဆိုင်လေးဟာ အမှိုက်တွေကို စနစ်ကျစွာ အမျိုးအစားခွဲပြီး သိမ်းဆည်းပေးတဲ့ နေရာလေး တစ်ခုဖြစ်ပါတယ်။ Recycle station မှာ တွေ့ခဲ့ရတာကတော့ ခြင်းတောင်းလေးတွေ နဲ့ စားပွဲခုံမှာ စာကပ်ထားပါတယ်- ပလပ်စတစ်၊ သံဗူး၊ pet bottle၊ တစ်ခါသုံးခွက်၊ ၀ါးတူ၊ ဖျော်ရည်သောက်တဲ့ ပိုက်၊ စားကြွင်းစားကျန်အမှိုက် စသဖြင့် ရေးထားပြီး အမှိုက်လာထည့်သူတွေကို စနစ်တကျဖြစ်အောင် ကူညီပေးနေတဲ့ သူတွေကို တွေ့ခဲ့ရပါတယ်။ ဂျပန် လူမျိုးတွေဟာ အမှိုက်ပစ်တဲ့နေရာမှာ အလွန်စည်းကမ်းရှိလှပါတယ်။ ကြက်ပျံမကျ စည်ကားလှတဲ့ ဒီပွဲတော်ကြီးမှာ အမှိုက်တစ်စမတွေ့ခဲ့ရပါဘူး။ အမှိုက်ပစ်တဲ့သူတွေနဲ့ Recycle station မှာ အမှိုက်သိမ်းပေးနေတဲ့ သူတွေဟာ အပြန်အလှန် လေးစားမှု ရှိကြတာတွေ့ရပါတယ်။
ဒီလိုနဲ့ မုန့်ဝယ်စားလိုက် တီးဝိုင်းတွေဘက် ပတ်ကြည့်လိုက်နဲ့ မှောင်စပျိုး လာခဲ့ပါပြီ။ ပွဲတော်ကြီးကတော့ ဂီတသံတွေနဲ့ ဂီတချစ်သူတွေနဲ့ စည်ကားနေဆဲပါပဲ။

မမတို့ နိုင်ငံမှာလဲ ပျော်ရွှင်စရာ ကောင်းလှတဲ့ မြန်မာ့ရိုးရာ ပွဲတော်တွေကို စည်းကမ်းရှိစွာ၊ သန့်ရှင်းသပ်ရပ်စွာ ဆင်နွှဲနိုင်ရင် ဘယ်လောက်တောင် ကောင်းလိုက်လေမလဲ လို့ အိမ်အပြန် လမ်းမှာ တွေးတော လာမိပါတယ်။

http://www.city.sendai.jp/kikaku/kokusai/english/art.html



http://www.sentabi.jp/1000/0007/0000/1000000700000002.html

Friday, August 8, 2008

Learning in Life

ကျွန်မရဲ့မှတ်စုတို(၁)

ဘ၀မှာ သင်ယူလေ့လာခြင်း


ဒီတစ်ခေါက် မှတ်သားမိခဲ့တာလေးတွေကို ပြောပြချင်ပါတယ်။

ဘာသာရပ်တစ်ခုမှာ အလွန်ထူးချွန်ထက်မြက်ပြီး အတွေ့အကြုံရင့်ကျက်လှတဲ့ Professor ကြီးတစ်ယောက်ဟာ ပင်စင်ယူခါနီး သူ့ရဲ့နောက်ဆုံး Lecture မှာ အခုလို ပြောပြသွားခဲ့ပါတယ်။

၁။ ပညာရပ်တစ်ခုကို ပြီးပြည့်စုံအောင် သင်ယူတယ်ဆိုတာ အဆင့် ၄ ဆင့် ရှိပါတယ်တဲ့။ အဲဒါတွေကတော့

  • သင်ယူလေ့လာလိုက်တဲ့ပညာရပ်ကို မိမိရဲ့ကိုယ်ပိုင်ပစ္စည်းအဖြစ်နဲ့သိမ်းထားပါ။
  • အဲဒီသင်ယူထားတဲ့ပညာကို ဘ၀ရပ်တည်ဖို့အတွက် အသုံးချပါ။
  • ပြီးတော့ အသက်ရှင်နေထိုင်ပါ။
  • အပေါ်ကအချက်တွေနဲ့ ပြည့်စုံပြီဆိုရင်တော့ ပျော်ပျော်ကြီးသာ နေပါတော့တဲ့
အဲဒီအချက်တွေနဲ့ မပြည့်စုံသေးဘူးဆိုရင်တော့ မိတ်ဆွေဟာ အဲဒီပညာရပ်ကို သင်ယူလေ့လာခြင်းအလုပ် ပြီးမြောက်ပြီလို့ မဆိုနိုင်သေးပါဘူးတဲ့။

၂။ မိတ်ဆွေဟာ ဘာသာရပ်တစ်ခုကို လေ့လာတဲ့အခါမှာ မိမိကိုယ်မိမိ အဲဒီဘာသာရပ်နဲ့ပတ်သက်ပြီး အလုံးစုံနားလည်ပြီလို့ ယူဆပြီဆိုရင်တော့ မိတ်ဆွေဟာ ဘွဲ့လက်မှတ်တစ်ခုခု ရဖို့သေချာနေပါပြီ။
ဒါပေမယ့် မိတ်ဆွေဟာ ဆက်လက်ပြီး လေ့လာသင်ယူဖို့ အခြေနေတစ်ခုခု ကြံကြိုက်လာတဲ့အခါမှာ အလုံးစုံ နားလည်ပြီလို့ ယူဆထားတဲ့ ဘာသာရပ်နဲ့ ပတ်သက်ပြီး ဘာမှမသိသေးဘူးလို့ ခံစားလာရလိမ့်မယ်။ အဲဒီလိုမျိုး "ငါဘာမှမသိသေးပါလား" လို့ ခံစားမိပြီဆိုတဲ့ အချိန်မှာ မိတ်ဆွေဟာ ဘွဲ့လွန်သင်တန်း (Master course) တက်ဖို့ အံဝင်ခွင်ကျ ဖြစ်နေပါလိမ့်မယ်။

ဒါ့အပြင် မိတ်ဆွေဟာ ဒီထက်ပိုပြီး ဘာသာရပ်ကို လေ့လာဖို့အခွင့်အရေးရပြီ ဆိုပါတော့။ အဲဒီအခြေအနေမှာ မိတ်ဆွေဟာ “တစ်ခြားလူတွေလဲ ငါ့လိုပဲဘာမှ မသိသေးပါလား” ဆိုတာကို တဖြည်းဖြည်း နားလည်ခံစား မိပြီဆိုပါစို့။ အဲဒီလို ခံစားမိပြီ ဆိုရင်တော့ မိတ်ဆွေဟာ ဘွဲ့လွန်ဒေါက်တာသင်တန်း (Ph.D) ဆက်တက်ဖို့ အဆင်သင့် ဖြစ်နေပါပြီတဲ့။

၃။ သုတေသန ပညာရှင်ကောင်းတစ်ယောက်မှာ အောက်ပါအရည်အချင်းများ ရှိသင့်ပါတယ်တဲ့။

အထူးသဖြင့် ဘွဲ့လွန်ပညာရပ်တွေ (Ph.D,Master စသဖြင့်) ဆည်းပူးလေ့လာနေသူများ၊ သုတေသန ပြုလုပ်နေသူများ (Researcher, Research student) အတွက် သိသင့်သိထိုက်တဲ့ အချက်များပါပဲ။

အဲဒါတွေကတော့
  • Originality,Irreplaceable, Professional
မိမိပြုလုပ်နေတဲ့ သုတေသနလုပ်ငန်းဟာ မိမိရဲ့ ကိုယ်ပိုင် အတွေးအခေါ် အယူအဆကို ဖော်ပြနိုင်ရမယ်။ အခြားလူတစ်ဦးတစ်ယောက်က အစားထိုး၍မရနိုင်တဲ့ မှန်ကန်တဲ့ အတွေးအခေါ် ဆုံးဖြတ်ချက်မျိုးကို ပြသနိုင်ရမယ်။ ကျွမ်းကျင်မှု ရှိရမယ်။
  • Creative
တီထွင်မှု စိတ်ကူးဥာဏ်ကောင်းရမယ်။ ဆန်းသစ်နေတဲ့ အတွေးအခေါ်တွေကို ဖန်တီးနိုင်ရမယ်။
  • Productive
မိမိရဲ့ သုတေသနလုပ်ငန်းကို အခြေခံပြီး အခြားသုတေသနများ ဆက်လက်ဆောင်ရွက်နိုင်ဖို့ လမ်းကြောင်းတွေ ဖွင့်ပေးနိုင်ရမယ်။
  • Pedagogical (Educational)
ပညာရပ်ဆိုင်ရာ တိုးတက်ဖွင့်ဖြိုးမှု မှာ အထောက်အကူပြုတဲ့သုတေသနမျိုး ဖြစ်ရမယ်။
တစ်နည်းအားဖြင့် မိမိဆောင်ရွက်လိုက်တဲ့ သုတေသနဟာ ပညာရပ်မှာ မဖြရှင်းနိုင်သေးတဲ့ ပဟေဠိတွေကို ဖြေရှင်းနိုင်ရမယ်။

၎။ သုတေသနလုပ်ငန်းဆိုတာ ကမ္ဘာလောကကြီးနဲ့ လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ရန် ရည်ရွယ်ကာ ဆောင်ရွက်နေကြတာ ဖြစ်ပေမယ့် မိမိရဲ့လုပ်ဆောင်ချက်ကို လူအများက သဘောတူလက်ခံဖို့ လိုအပ်ပါတယ်။
လူ့လောကမှာ ဘယ်လိုအလုပ်ပဲဖြစ်ဖြစ် တစ်ဦးတစ်ယောက်တည်းထက် အသင်းအဖွဲ့ဖြင့် စုပေါင်း လုပ်ဆောင်ခြင်းဟာ လူအချင်းချင်း ရင်းနှီးချစ်ခင်မှု၊ စည်းလုံးမှုများ ကိုဖွံ့ဖြိုးတိုးတက်စေပြီး အောင်မြင်မှု ကိုပိုမိုရရှိစေနိုင်ပါတယ်။ TEAM ဆိုတဲ့ စာလုံးကို အစုအဖွဲ့ဆိုပြီး နားလည်ကြပါတယ်။ ဒီစာလုံးလေးမှာ ဘယ်လိုမျိုး လေးနက်တဲ့ အဓိပ္ပာယ်တွေ ပါဝင်နေတယ်ဆိုတာကို ကြည့်ကြရအောင်။

  • T =Together အတူတကွ ပူးပေါင်းလုပ်ဆောင်မှု
  • E = Esteem တစ်ဦးရဲ့ အလုပ်ကို တစ်ဦးက အပြန်အလှန် လေးစားမှု
  • A = Ambition ရည်မှန်းချက် တစ်ခုတည်းကို ဦးတည်ပြီး လုပ်ဆောင်နေမှု
  • M = Mental Toughness စိတ်ဓာတ်ကြံခိုင်မှု ဆိုတာတွေပါပဲ။
နားလည်သမျှလေးတွေ ပြန်ပြောပြတာပါ။
(Professor Dr. Noboru Takigawa, Tohoku University အား လေးစားလျှက် )