Thursday, December 11, 2008
Supporter of My Heart
ကျွန်မရဲ့ မွေးလမှာ ဒီပိုစ်လေးကို မှတ်တမ်းတင်ထားချင်တဲ့အတွက် ရေးလိုက်တာပါ။
လူဆိုတာ တစ်ဦးတည်း တစ်ယောက်တည်း နေလို့ရတဲ့ သတ္တ၀ါ မဟုတ်ပါဘူး။
တစ်ဦးနဲ့တစ်ဦး ပုံစံအမျိုးမျိုး၊ အခြေအနေ အမျိုးမျိုးနဲ့ တစ်ဦကိုတစ်ဦး လက်တွဲကူညီပြီး နေကြတာဖြစ်ပါတယ်။ ကျွန်မဘ၀မှာတော့ လူရယ်လို့ ဖြစ်လာခဲ့တဲ့ အချိန်ကစပြီး အခုအချိန်အထိ စားဝတ်နေရေးက အစပြုလို့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ နှစ်မျိုးလုံးကို အားပေးထောက်ပံ့ ခဲ့တဲ့သူတစ်ဦး ရှိပါတယ်။ သူကတော့ ကျွန်မရဲ့ မွေးသမိခင် မေမေ ပါပဲ။
ကျွန်မဟာ ငယ်ငယ်က အလွန်ချူချာတဲ့ ကလေးငယ်လေးတစ်ယောက်ပေါ့။ အဆုတ်အအေးမိတဲ့ ရောဂါဖြစ်လို့ ၃နှစ် သမီးအရွယ်မှာ ဆေးရုံတက်ခဲ့ရပြီး ကံကောင်းလို့ အသက်ရှင်ခဲ့တာပါ။ ကလေးဘ၀ရွယ်မှာလဲ သူများကလေးတွေလို ကြမ်းကြမ်းတမ်းတမ်း ပြေးလွှားမကစားတတ်ခဲ့ဘူး။ လမ်းလျှောက်ရင်တောင် အလကားနေရင်း မှောက်ရက်လဲလို့ ဒူပြဲတာလဲ မရေမတွက်နိုင်အောင်ပဲ။ အိမ်ပေါ်မှာပဲ ငြိမ်ငြိမ်လေးထိုင်ပြီး ကစားရတဲ့ ကစားနည်းတွေကိုပဲ ကစားခဲ့တယ်တဲ့။ ဒီတော့ အားကစားဆိုတာ ဝေလာဝေးပေါ့။ ဒီတော့ မျောက်ရှုံးအောင် ဆော့တဲ့ ကျွန်မရဲ့ မောင်လေးတွေနဲ့ ကျွန်မဟာ အဖွဲ့ မကျခဲ့ဘူး။ ကျွန်မရဲ့ မောင်လေးအလတ်ကောင် ကတော့ တစ်ခါတစ်လေ ကျွန်မနဲ့ အဖော်လုပ်ပြီး ကစားခဲ့ပါတယ်။
ဒါပေမဲ့ ကြွားစရာ မရှိရှာကြံ ကြွားရအုံးမယ်။ ကျွန်မဟာ သိပ်သန့်ရှင်းပြီး ပေါင်ဒါနံ့ လေးအမြဲသင်းနေတဲ့ ကလေးလေး တစ်ယောက် ဖြစ်ခဲ့ပါတယ်။
ကျွန်မမှတ်မိသလောက်တော့ စာမေးပွဲနီးပြီဆိုရင် နေမကောင်းဖြစ်တာပါပဲ။ ကြောက်ဖျားလားတော့ မသိဘူးနော်။ ကျွန်မ အသက် (၁၆)နှစ်လောက်အထိ ကျန်းမာရေးမကောင်းခဲ့ပါဘူး။ စာမေးပွဲကလဲနီး၊ နေမကောင်းကလဲ ဖြစ်ပြီဆိုရင် မေမေက ကျွန်မနားလည်လွယ်အောင်၊ စာတွေကို မှတ်မိလွယ်အောင် ပုံလေးတွေဆွဲ၊ မှတ်စုတိုလေးတွေ ထုတ်ပြီး စာတွေရှင်းပြပါတယ်။ အိပ်ရာဘေးနားကထိုင်ပြီး တော့လဲ စာတွေကိုဖတ်ပြတယ်။ (နောက်ပြီးတော့ အဲဒီတုံးက အတူနေခဲ့တဲ့ ကျွန်မရဲ့ အဒေါ်ကြီး (မေမေရဲ့အစ်မ) ကလဲ ကျောင်းဆရာမဖြစ်တဲ့အတွက် ကျွန်မတို့ကို အင်္ဂလိပ်စာကို အဓိကထားပြီး လေ့ကျင့်ပေးခဲ့ပါတယ်။ ) အဲဒီတော့ ကျွန်မဟာ နေမကောင်းပေမဲ့ စာမေးပွဲတိုင်းကို အခက်အခဲမရှိ ဖြေနိုင်ခဲ့တာချည်းပါပဲ။
ကျွန်မရဲ့ ဖေဖေနဲ့ မေမေဟာ ဆရာဝန်တွေဖြစ်တာကြောင့် ခဏခဏ နေမကောင်း (များသောအားဖြင့် အဆုတ်အအေးမိပြီး ဖျားတာပါ) ဖြစ်ခဲ့တဲ့ ကျွန်မဟာ ကျန်းမာရေး နဲ့ ပတ်သက်ပြီး ပူစရာမရှိခဲ့ပါဘူး။ ဒီလိုနဲ့ ပညာရေးဌာနမှာ အလုပ်ဝင်ခဲ့ပြန်တော့လည်း ဇာတိမြေမှာပဲ တာဝန်ထမ်းဆောင်ခဲ့ရတယ်။ နောက်ပိုင်းမှာ ပညာသင်ဆု ရွေးချယ်ခံရပြီး နိုင်ငံရပ်ခြား ကိုသွားဖို့ အကြောင်းဖန်လာတော့မှ အိမ်နဲ့ ပထမဆုံးအကြိမ် ခွဲခဲ့ရပါတယ်။ ကျွန်မရွေးချယ်ခံခဲ့ရတဲ့ program အရ မလေးရှားမှာ ဂျပန်စာသင်ဖို့ (၁၃)လ သွားခဲ့ရတယ်။ အဲဒီအချိန်တုံးက ပထမဆုံးအကြိမ် မိသားစုနဲ့ လဲခွဲရ၊ နိုင်ငံရပ်ခြား သွားရတာလဲ ပထမဆုံး အကြိမ်မိုလို့ ကျွန်မရဲ့ စိတ်ထဲမှာ စိုးရိမ်ကြောက်လန့်မှု တွေဟာ ကြီးစိုးနေခဲ့တယ်။ အဓိကစိုးရိမ်မိတာကတော့ နေမကောင်းဖြစ်ရင် ဘယ်လိုလုပ်ရပါ့ ဆိုတဲ့ စိုးရိမ်မှုပဲ။
မလေးရှားကို ရောက်ပြီးတဲ့ နောက်ပိုင်းမှာ မေမေဟာ ကျွန်မဆီကို စာတွေမှန်မှန်ပို့ခဲပါတယ်။ မေမေရဲ့စာလေးတွေဟာ ကျွန်မအတွက် အားဆေးတစ်ခွက်ပါပဲ။ မေမေဟာ သူ့အလုပ်ခွင်ထဲမှာ ကြုံတွေ့ခဲ့ရတဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအရာတွေ၊ သွားခဲ့ရတဲ့ ခရီးတွေ၊ မိသားစု အကြောင်း၊ ကျန်းမာရေးနဲ့ ပတ်သက်တာတွေ၊ သူ့ရဲ့ခံစားချက်တွေ စသဖြင့် စီကာပတ်ကုံး ရေးပြီး သူ့ရဲ့ ဓာတ်ပုံလေးတွေကိုပါ တွဲပြီး ပေးပို့ခဲ့ပါတယ်။ မေမေရဲ့ စာလေးများ အကြောင်းကို ရှေ့ပိုင်းမှာ ရေးခဲ့ပါသေးတယ်။ မေမေရဲ့ စာရောက်လာပြီဆိုရင် ကျွန်မရဲ့ သူငယ်ချင်းတွေက သူတို့ နားမလည်ပေမဲ့ ၀ိုင်းပြီးကြည့်ကြတယ်။ ကျွန်မကလဲ ဂုဏ်ယူစွာ ပြတတ်တယ်။ ဒါကြောင့် မေမေ့ရဲ့ ဓာတ်ပုံလေးတွေဟာ သူတို့နဲ့ ရင်းနှီးနေခဲ့တယ်။ မိခင်ဆီက စာတွေမှန်မှန် ရတဲ့ ကျွန်မကိုလဲ အံ့သြပြီး အားကျတဲ့ အကြည့်တွေနဲ့ ကြည့်ကြတယ်လို့ကျွန်မထင်တယ်လေ။ ဘာကြောင့်လဲဆိုတော့ ဘယ်သူ့ဆီကိုမှ သူတို့ရဲ့ အမေတွေက စာမရေးဖူးဘူးတဲ့။
တစ်ပတ်တစ်ခါ (တစ်ခါတစ်လေ ၂ ခါ) မေမေနဲ့ ဖုန်းပြောဖြစ်တယ်ဆိုပေမဲ့ စာလက်ခံရတဲ့ အချိန်နဲ့ မတူဘူးလေ။ နောက်ပြီး အိမ်ကိုလွမ်းတဲ့ အခါ စာလေးတွေကို ပြန်ဖတ်၊ ဓာတ်ပုံလေးတွေကြည့်ပြီး အလွမ်းဖြေလို့ ရတာပေါ့။ မေမေ့ရဲ့ စာလေးတွေကိုဖတ်ရတာဟာ မေမေက ဘေးမှာထိုင်ပြီး စကားပြောနေသလို ခံစားမိပါတယ်။ မေမေနဲ့ ကျွန်မဟာ သားအမိဆိုပေမဲ့ ကျွန်မဟာ မေမေ့အတွက် တိုင်ပင်ဖော်တိုင်ပင်ဖက် မိတ်ဆွေကောင်းတစ်ဦး ဖြစ်ခဲ့ပါတယ်။ ကျွန်မအနေနဲ့လည်း မေမေဟာ ဘာမဆို ဖွင့်ဟပြောဆိုပြီး တိုင်ပင်လို့ ရတဲ့ သူငယ်ချင်းကောင်း တစ်ယောက်ပါပဲ။ (တစ်ဦးတည်းသောသမီးတွေဟာ များသောအားဖြင့် ဒီလိုပဲ ဖြစ်မယ်လို့ထင်ပါတယ်။)
ဒီဇင်ဘာ ကျောင်းပိတ်ရက်ရောက်တော့ ကျွန်မရဲ့ သူငယ်ချင်း အများစုက သူတို့နိုင်ငံတွေကိုအလည် ပြန်ကြ ၊ မပြန်တဲ့ သူငယ်ချင်းတွေကလဲ မလေးရှားနဲ့ နီးတဲ့ စင်ကာပူဘက်ကို အလည်သွားကြ၊ တစ်ချို့ကလည်း တစ်ခြားနိုင်ငံက သူငယ်ချင်းဆီကိုသွားလည်ကြနဲ့ ဘယ်မှ မသွားနိုင်တာဆိုလို့ ကျွန်မတစ်ယောက်တည်းပါ။ ဒီဇင်ဘာလဟာ ကျွန်မရဲ့ မွေးလဖြစ်တဲ့အတွက် မွေးနေ့ နီးလာတော့ အထီးကျန်မှု ကိုထူးထူးခြားခြား ခံစားခဲ့ရပါတယ်။ အဲဒီတုံးက အထီးကျန်လှတဲ့ ခံစားမှုဟာ ကျွန်မဘ၀မှာ အဆိုးဆုံးပဲ။
မွေးနေ့ဆိုလို့ ပြောရအုံးမယ်။ ကျွန်မတို့ မိသားစုမှာ မွေးနေ့ရောက်ရင် တစ်ဦးကိုတစ်ဦး မွေးနေ့လက်ဆောင်ပေးတဲ့ ဓလေ့ ရှိပါတယ်။ အဲဒီ ဓလေ့ဟာ ကျွန်မရဲ့ အဒေါ်ကြီးက စတင်လုပ်ခဲ့တယ် လို့ထင်တာပဲ။ ဒေါ်ကြီးက မွေးနေ့လက်ဆောင်ကိုလဲ ဂရုတစိုက်ဝယ်ပေးလေ့ ရှိပြီး၊ စိတ်ဝင်စားစရာဖြစ်အောင်လဲ ဖန်တီးတတ်သေးတယ်။ ကိုယ့်မွေးနေ့ရောက်ရင် ကျန်တဲ့ မောင်နှမတွေကလဲ မုန့်ဖိုးလေးတွေစုပြီး အမှတ်တရ မွေးနေ့ လက်ဆောင်လေးတွေ ၀ယ်ပေးကြတယ်။ မွေးနေ့ရောက်တဲ့ မနက်ခင်းမှာ အိပ်ရာကနိုးနိုးခြင်း အိပ်ရာခေါင်းရင်းမှာ မွေးနေ့လက်ဆောင်လေးတွေ တွေ့ရတတ်တာကို သတိရမိပါတယ်။ အဲဒီ မွေးနေ့လက်ဆောင်လေးတွေထဲမှာ မိသားစုရဲ့ ချစ်ခြင်းမေတ္တာဓာတ်တွေပါ စီးဝင်မြောပါနေတယ်လေ။ တစ်ဦးတစ်ယောက်ရဲ့ မွေးနေ့ရောက်ရင်မေမေက အိမ်မှာ အထူးစပရှယ်စားစရာ တစ်မျိုးမျိုး ချက်ပြုတ်ပြီး အတူစားသောက်ကြတာလဲ အခုအချိန်ထိပါပဲ။ (အခုတော့ မိသားစုဝင်တွေ မစုံတော့ဘူးပေါ့)
အဲဒီလိုမျိုး ကိုယ့်မွေနေ့ရောက်ရင် မိသားစုရဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ ပျော်ရွှင်ခဲ့ရတဲ့ ကျွန်မဟာ မွေးနေ့ရောက်တော့ တော်တော်လေး အထီးကျန်မှုကို ခံစားခဲ့ရတာ မဆန်းလောက်ပါဘူးနော်။ ဖြစ်ချင်ပြန်တော့ အဲဒီအချိန်တုံးက အနားမှာ သူငယ်ချင်းတွေကလဲ တစ်ယောက်မှ မရှိဖြစ်နေခဲ့တာဆိုတော့ပိုဆိုးတာပေါ့။
ထူးခြားတာကတော့ ကျွန်မတစ်ယောက်တည်း ကျွန်မရဲ့မွေးနေ့မှာ ရှိပါလားလို့ ခံစားနေရတဲ့ အချိန်မှာ တိုက်တိုက်ဆိုင်ဆိုင်ပဲ မေမေပို့လိုက်တဲ့ မွေးနေ့ ကဒ်လေးဟာ ရောက်ရှိလာပါတော့တယ်။ ကျွန်မရဲ့ ပျော်ရွှင်မှုဟာ အထီးကျန်နေတဲ့ ခံစားမှုတွေကို ဖယ်ပစ်လိုက်ပါတယ်။ ကျွန်မရဲ့ မွေးနေ့မှာ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတဲ့ မေမေပို့လိုက်တဲ့ ကဒ်လေးပေါ်မှာရေးထားတဲ့ “မီးငယ်လေး၊ မွေးနေ့မှာ ပျော်ရွှင်ပါစေ” ဆိုတဲ့ မေမေရဲ့ ဆုတောင်းပြည့်သွားတာပေါ့။ ဒါပေမဲ့ မိသားစုကိုလွမ်းဆွတ်မှုဟာ မပြောပြတတ်အောင်ပါပဲ။
မေမေဟာ အခုအချိန်အထိ ကျွန်မဆီကို စာတွေမှန်မှန်ရေးပို့တုံးပါပဲ။
ကျွန်မလဲ မေမေလိုမျိုး လူတစ်ယောက်ယောက် ကို အမြဲပျော်ရွှင်မှုရအောင် ၊ စိတ်အားတက်ြကွမှု ရအောင် support လုပ်ပေးနိုင်တဲ့သူ တစ်ယောက်ဖြစ်ရင် ကောင်းမှာပဲလို့ တွေးမိပါတယ်ရှင်။
မှတ်ချက်။ ။ ဂျပန်စာကျောင်း သင်တန်းဆင်းပွဲ speech မှာ ကျွန်မဟာ အထက်ပါ အကြောင်းအရာကို ပြောခဲ့ပါတယ်။ ခေါင်းစဉ်ကတော့ ဂျပန်လို 私の心の支え ၊ အင်္ဂလိပ်လိုဆိုရင်တော့ Supporter of my Heart ဖြစ်ပါတယ်။အပေါ်ကပုံကတော့ အဲဒီတုံးက သုံးခဲ့တဲ့ ပိုစတာလေးပဲဖြစ်ပါတယ်။
အဲဒီ speech လေးကို သင့်လျော်သလို ဖြည့်စွက်ပြီး မြန်မာလို ပြန်ရေးလိုက်တာဖြစ်ပါတယ်။
Subscribe to:
Post Comments (Atom)
1 comment:
I really like the way of her consistent love n care to daughter. She is a brilliant lady, isn't she.
Great lesson to learn. Thanks for sharing sis.
Post a Comment