Saturday, January 17, 2009

လမ်းလျှောက်ခြင်း ၁။

ကျွန်မဒီနေ့လမ်းလျှောက်ထွက်ရင်းနဲ့ ကျွန်မဘ၀မှာ လမ်းလျှောက်ခြင်းနဲ့ ပတ်သက်တာတွေကို သတိရမိတယ်။

လမ်းလျှောက်ခြင်းကို ပထမဆုံးမှတ်မိတာကတော့တောင်ကြီးမှာ ကျောင်းစနေတုံးအရွယ်ကပဲ။ ကျောင်းသွားရင်တော့ အမေက လိုက်ပို့တယ်။ ကျောင်းပြန်တဲ့အချိန်ကျတော့ ကျွန်မရဲ့အစ်ကိုနဲ့ ပြန်ရတယ်။ သူက ကျွန်မနေတဲ့ ကျောင်းမှာ မဟုတ်ပဲ တစ်ခြားကျောင်းတစ်ခုမှ နေတယ်။ ကျောင်းဆင်းရင် ကျွန်မကို ၀င်ခေါ်ပြီး မောင်နှမနှစ်ယောက် အတူတူ လမ်းလျှောက်ပြန်ကြရတယ်။ တစ်ခါတလေ သူက ဆော့နေတာနေမှာပေါ့။ ကျွန်မဆီကို ကျောင်းဆင်းဆင်းခြင်း ရောက်မလာဘူး။ ကျောင်းမှာ လူတွေကလဲကုန်ပြီ။ ကျောင်းစောင့် ဦးလေးကြီးက ကျွန်မကို ကျောင်းခန်းအပြင်ထွက်စောင့်ခိုင်းတာပေါ့။ သူကတံခါးပိတ်ရမှာကိုး။ အဲဒီတော့မှ ကျွန်မလဲ လွယ်အိတ်လေးဂျာရမ်း၊ ဂျာရမ်း၊ မျက်နှာလေး ရှုံ့မဲ့ ရှုံ့မဲ့နဲ့ တစ်ယောက်တည်း လမ်းလျှောက်ပြီး အိမ်ကို ပြန်ရတာ။ အဲဒီအဖြစ်မျိုးက ခဏခဏပါပဲ။

ကျွန်မတို့ ကျိုင်းတုံမှာ ကျောင်းနေခဲ့ရတုံးကလဲ ကျောင်းကို လမ်းလျှောက်သွားကြရတယ်။ ကျိုင်းတုံရေကန်ကြီး ဘေးကနေ ပတ်ပြီးလျှောက်ရတာ။ အဲဒီတုံးက ကျွန်မက ၇နှစ် သမီးလောက်ပဲရှိအုန်းမယ် ထင်တာပဲ။ အကိုနှစ်ယောက်နဲ့ အတူလျှောက်ရတာ။ သူတို့က ၁၂နှစ်၊ ၁၃နှစ်လောက် ရှိမှာပေါ့။ လမ်းမှာ ကြိုးထုံးကြီးတွေနဲ့ တောင်းတွေ လွယ်ထားတဲ့ ၀ လူမျိုးတွေ တွေ့ရင်ပြေးကြတာပဲ။ ကျွန်မတို့ ကြားဖူးတာကတော့ ၀ တွေက ခလေးတွေကို ဖမ်းပြီး တောင်းထဲမှာ ထည့်သွားတတ်တယ်တဲ့။ ကျိုင်းတုံမှာ နေတုန်း ၀က်သက်ပေါက်တာ သတိရသေးတယ်။ အဲဒီနေ့က စာမေးပွဲပြီးလို့ ကျောင်းကိုဒီအတိုင်းသွားရတာ။ အမေက လိမ္မော်သီးလဲ ထည့်ပေးလိုက်တယ်။ မျက်ရည်တွေ၊ နှာရည်တွေ တရွှဲရွှဲ ကျလာတာ မှတ်မိတယ်။ နောက်မှ ၀က်သက်
ပေါက်တာတဲ့။

ကျွန်မတို့ မိတ္ထီလာကိုရောက်တော့လဲ မိတ္ထီလာကန်ကြီးကိုပါတ်ပြီး ကျောင်းကိုလမ်းလျှောက်သွားရတယ်။ ကျွန်မတို့အတန်းက မနက်ပိုင်းတက်ရတယ်။ ကျွန်မအစ်မ မမလေးတို့ အတန်းက နေ့လယ်ပိုင်းမှာ တက်ရတယ်။ ကျွန်မကျောင်းပြန်ချိန်မှာ မမလေးနဲ့ တံတားပေါ်မှာ ဆုံတတ်ကြတယ်။ နောက်တော့ ကျွန်မအဖေနဲ့ တပ်ထဲမှာ လိုက်နေကြတော့ ကျွန်မက တပ်မတော်ကျောင်းရောက်သွားပြီး ကျောင်းကားနဲ့ ကျောင်းတက်ရတယ်။ အဲဒီမှာ မှတ်မိတာက မမလေးက ရုပ်ရှင်ကြည့်တာ သိပ်ဝါသနာပါတယ်။ သူတစ်ယောက်ထဲလဲ မကြည့်တတ်ဖူး။ တစ်အိမ်လုံးဖို့ လက်မှတ်ဝယ်လာတတ်တယ်။ အဲဒီအခါကျတော့ အဖေရော၊ အမေရော တစ်အိမ်လုံးရုပ်ရှင်သွားကြည့်ကြတာ။ ကျွန်မတို့ နေတဲ့နေရာက ရွှေမြင်တင်ဘုရားကြီး နားမှာ။ အဲဒီကနေ မိတ္ထီလာကန်ဘောင်ရိုးကြီးပေါ်က လျှောက်ပြီး မျိုးမြင့်ရုပ်ရှင်ရုံထိ လမ်းလျှောက်သွားကြတယ်။ အပြန်လဲ လမ်းလျှောက်ပြီး ပြန်ကြတာ။ အဲဒီအသက်အရွယ်တုံးကတော့ မိဘတွေနဲ့ အငယ်ဆုံးသမီး အဖြစ်နေရတာ ပျော်တာပဲ။ ပင်ပန်းတယ်လို့ မထင်မိခဲ့ဘူး။

၁၀တန်းအောင်လို့ MC ရောက်တော့ ၇၄လမ်းက အဆောင်မှာ နေရတယ်။ မနက်အစောကြီး ထပြီး လျှောက်ကြတဲ့ ကျွန်မတို့သူငယ်ချင်းတွေရဲ့ လမ်းလျှောက်အဖွဲ့တွေရှိတယ်။ မနက်တိုင်း ကျုံးဘက်ကို လမ်းလျှောက်ကြတယ်။ အပူအပင်ကင်းတဲ့ အရွယ်မို့ သိပ်ပျော်တာပဲ။ တစ်ခါတစ်လေ ဘုရားကြီး မျက်နှာသစ်တော်ရေ အမှီလဲ လျှောက်ကြတယ်။ MC မှာ မှတ်မှတ်ရရ လမ်းလျှောက်ပြိုင်ပွဲမှာ အဆင့် ၈ နဲ့ဝင်လို့ ကြေးတံဆိပ်ရသေးတယ်။ 3rdMB ရောက်တော့လဲ ဆေးရုံနဲ့ အဆောင်နဲ့ တစ်ချိန်လုံး လမ်းလျှောက် သွားနေခဲ့ရတာပါပဲ။

အိမ်ထောင်ကြပြီးတော့ မီးမီးကို ကိုယ်ဝန်ဆောင်ချိန်မှာ လမ်းတော်တော်လျှောက်ဖြစ်တယ်။ မီးမီးရဲ့ အဖေက မြို့ထဲ မှာ ဆေးခန်းဖွင့်တော့ ကျွန်မက ညဦးပိုင်းမှာ ထမင်းချိုင့်နဲ့ ဆေးခန်းကို လိုက်သွားပြီး မနက်ကျမှ လမ်းလျှောက်ပြီး အိမ်ပြန်ကြတယ်။ မီးမီးကို ကိုယ်ဝန်ဆောင်ထားရပေမဲ့ ကျွန်မဖြင့် သိပ်ပေါ့ပါးတာပဲ။ ပြေးလွှားပြီးတောင် လမ်းလျှောက်နိုင်တယ်။ မီးမီးမမွေးခင် နေ့ကလဲ due date ရောက်နေပြီဆိုပြီး မန္တလေးအိမ်ကနေ ဘူတာကြီး ဂုံးတံတားကိုကျော်ပြီး ဆေးရုံကြီးကို အသွားအပြန် လမ်းလျှောက်သွားတာပဲ။ ဒါကြောင့် ထင်တယ်၊ မီးမီးကို သားဦးဖြစ်ပေမဲ့ အလွယ်တကူ မွေးနိုင်ခဲ့တာ။

သားအမွှာ (ရဲညီနောင်) ကိုယ်ဝန်ကြီးနဲ့တုံးကတော့ သိပ်လေးတာပဲ။ မမွေးခင် မန္တလေးအိမ်မှာ ကြိုရောက်နေတော့ မနက်ပိုင်း ဆိုရင် သားကိုထူးလေး လက်ဆွဲပြီး ၁ပြ ၂ပြ လမ်းလျှောက်ကြတယ်။ အဲဒီနောက်တော့ သိပ်ပြီး လမ်းမလျှောက် ဖြစ်တော့ပါဘူး။ ကျွန်မတို့ မိသားစု တနင်္သာရီတိုင်းဘက်ကို ရောက်တော့ ညနေတိုင်း လယ်ကွင်းတွေဘက် ကိုလမ်းလျှောက်ကြတာ သတိရသေးတယ်။ လမ်းလျှောက်ဖို့ အကြောင်းဖန်လာပြန်တာက ဇီးပင်ကြီးမှာ ပါပဲ။ အားနေတော့ လမ်းလျှောက်ချင်လာပြန်ရော။ သွားဆရာဝန်မလေး ရှိရင်တော့ သူနဲ့အတူ လျှောက်ဖြစ်ကြတယ်။

ပြင်ဦးလွင်ရောက်တော့လဲ ပထမ၁နှစ်လောက်မှာတော့ ညနေတိုင်းလမ်းလျှောက်ဖြစ်သေးတယ်။ ဆေးရုံက ၄နာရီခွဲလောက်ပြန်တော့ ၅နာရီလောက်ဆို လျှောက်တာပေါ့။ ကျွန်မတစ်ယောက်တည်း လျှောက်တာပါပဲ။ မရောက်ဘူးတဲ့ လမ်းတွေဘက်သွားတယ်။ လူမရှိတဲ့ ခြံကျယ်ကြီးတွေ၊ ရှေးဟောင်း အိမ်ကြီးတွေ တွေ့ရင် ရပ်ငေး ကြည့်မိရင်း အရင်တုံးက စည်စည်ကားကား ရှိခဲ့မှာ ဆိုတာတွေကို တွေးမိတယ်။ ပြင်ဦးလွင်မှာ နေရတဲ့ နောက်ပိုင်း နှစ်တွေကျတော့ အလုပ်ပိုရှုပ်လာတော့ လမ်းမလျှောက်ဖြစ်တော့ပါဘူး။

ပင်စင်ယူပြီး ပုသိမ်ကြီးကို ပြန်ရောက်လာတော့လဲ လမ်းမလျှောက်ဖြစ်ပြန်ဘူး။ မနက်ပိုင်းမှာ ဘုရားရှိခိုးတာနဲ့ အချိန်က ကုန်ရော၊၊ ဒါနဲ့ ကိုယ်အလေးချိန်ကလဲ တက်လာ၊ အဆစ်တွေကလဲ နာဆိုတော့ လမ်းလျှောက်ချင်စိတ် ဖြစ်လာတယ်။ အလုပ်လုပ်တုံးကတော့ မနက်အိပ်ရာထ ဘုရားရှိခိုးရတာ အကျင့်ပါနေတာကိုး။ အမှန်က အခုအိမ်မှာ အေးအေးဆေးဆေးဆိုတော့ ဘယ်အချိန်ဖြစ်ဖြစ် ဘုရားရှိခိုးလို့ ရနေတာပဲ ဆိုတာမေ့နေတာ။ ဒီတော့ မနက် ၄နာရီခွဲ ကနေ ၅ နာရီခွဲလောက်ထိ တရားထိုင်ပြီးတာနဲ့ အိမ်ကထွက်၊ အဆုတ်ဆေးရုံ ဘေးက ဆေးဘက်ဆိုင်ရာ တက္ကသိုလ်အထိ လမ်းလျှောက်၊ အဲဒီကနေ ပြန်လှည့်လိုက်ရင် ရန်ကင်းတောင်နဲ့ သူ့ကိုမိုးနေတဲ့ ရှမ်းရိုးမတောင်တန်းကြီးရဲ့ ရှုခင်းအလှက သိပ်သာယာတာကို တွေ့ရတယ်။ တရားအလုပ် အားထုတ်နေကြတဲ့ သာသနာ့ဝန်ထမ်း ရဟန်းတော်များ မှီတင်းနေထိုင်တဲ့ ရန်ကင်းတောင်ရှုခင်းက အလွန် ချမ်းမြေ့စရာ ကောင်းလှပါတယ်။

မှတ်ချက်။ ။ ငယ်စဉ်ကလေးဘ၀အရွယ်ကစပြီး အခုလက်ရှိ အသက်အရွယ်အထိ လမ်းလျှောက်ခဲ့ပုံ အမျိုးမျိုးကို ရေးပြထားတဲ့ မေမေ့ရဲ့ စာလေးတစ်စောင်ပါ။ အနည်းငယ် ပြုပြင်ပြီး ဖော်ပြလိုက်ပါတယ်။

ဆက်လက်ဖော်ပြပါအုံးမယ်ရှင်။